Friday, February 8, 2013

ကိုးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်
ဒေါ်လာ သန်းခုနှစ်ရာကျော်ရှိလာ

ခင်မျိုးသွယ် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၀၄ မိနစ်

ရန်ကုန်(မဇ္ဈိမ)။      ။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်၏ ကိုးလတာ ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ မျိုးစုံတွင် ပြည်ပနိုင်ငံများက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အဖြစ်လာရောက် မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇၉၄သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အထိ ကိုးလတာအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပြည်ပနိုင်ငံတွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် အမေရိကန်ဒေါ်လာ ၇၉၄.၃၄၅ သန်းရှိလာပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှု ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က အတည်ပြု ပြောကြားသည်။

၎င်းက “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် အများဆုံး ၀င်ရောက် လုပ်ကိုင်သည့် လုပ်ငန်းတွေက လုပ်သား အင်အားအများစု အသုံးပြုရတဲ့ လက်ခစားလုပ်ငန်းများ ပါဝင်ပါတယ်” ဟု ပြောသည်။

လက်ခစားစနစ်ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများမှာ  အထည်ချူပ်လုပ်ငန်းတွေ ဆံပင်တုထုတ်လုပ်တဲ့ လုပ်ငန်း၊ သစ်ပါးလွှာ အထပ်သားထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ငါးမျှားချိပ် ထုတ်လုပ်တဲ့ လုပ်ငန်း၊ ကွန်ကရစ်နဲ့ ဘလောက်တုံး ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်တယ်ဟု ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် က ပြောသည်။

ထို့အပြင် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ကျန်းမာရေးပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ အိုင်တီလုပ်ငန်း၊ လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း၊ အသင့် သောက်ဖျော်ရည် လုပ်ငန်း၊ ဆံပင်ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း၊ အရက်ဆိုင် ယမကာ ထုတ်လုပ်ငန်း စသည်လုပ်ငန်းများ ပါဝင်ကြောင်း ဦးကျော်ဇောမောင်မှ ရှင်းပြခဲ့သည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်း  မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းမျိုးစုံတွင် နိုင်ငံခြား ကုမ္မဏီပေါင်း ၆၂ ခု ဝင်ရောက် လုပ်ကိုင်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates