Monday, February 11, 2013

ရေငန်ငါးမျိုးစိပ် ပြည်ပသို့ တင်ပို့ရောင်းချ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၉ မိနစ်

ရန်ကုန်(မဇ္ဈိမ)။      ။ မြန်မာ့ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေငန်ငါးမျိုးစိပ် ခြောက်ဆယ်ခန့်ကို
ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချူပ်မှ သိရသည်။

“ မြန်မာ့ပင်လယ်ပြင်က ဖမ်းဆီးရမိတဲ့ ရေငန် ငါးမျိုးစိပ် ခြောက်ဆယ်ခန့်ကို ပြည်ပနိုင်ငံတွေကို တင်ပို့
ရောင်းချမှု ရှိနေပါတယ်” ဟု ငါးလုပ်ငန်းအဖွဲ့ချူပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက မဇ္ဈိမသို့ ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ ငါးသလောက် ၊ငါးမုတ်ဖြူ ၊ ငါးမုတ်မဲ၊ ငါးပုတ်သင်အုပ်စု၊ ငါးရွှေ၊ ငါးတံခွန် ၊ ကကတစ်၊ ပလာတူး၊ ပလာလန်း စသည့် ရေငန်ငါးများကို အများဆုံး တင်ပို့ ရောင်းချ လျှက်ရှိ သည်။

“ပလာတူး၊ ပလာလန်းတွေကို ထိုင်းနိုင်ငံ စည်သွပ်စက်ရုံတွေက ကုန်ကြမ်းအဖြစ် ၀ယ်ယူမှုရှိနေသလို ငါးသလောက်ကတော့ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က ပို့သလောက် ၀ယ်ယူမှုရှိနေပါတယ်” ဟုရေငန်ငါးတင်ပို့
နေသူ ဦးသန်းအောင်က ပြောသည်။

ပင်လယ်ငါးများကို ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ
အေးခဲမှုပုံစံဖြင့် တင်ပို့ရောင်းချ လျှက်ရှိနေပြီး မြန်မာနိုင်ငံမှ တင်ပို့ရောင်းချနေသော ရေငန်ငါးများကို တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများက အများဆုံး ၀ယ်ယူလျှက်ရှိသည်။

“ရေချိုငါးတွေထဲက ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်း၊ တီလားဗီးယား ၊ ရွှေဝါငါးကြင်း ၊ ရေချို ကကတစ်နဲ့ ငါးတန်တွေကိုတော ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အရှေ့ အလယ်ပိုင်းဒေသတေါက အများဆုံး ၀ယ်ယူမှု ရှိနေပါတယ် ”ဟု ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရေချို ငါးမွေးမြူရေးအား ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း
ဒေသကြီးတို့တွင် အများဆုံး မွေးမြူ လျှက်ရှိနေပြီး တနိုင်ငံလုံးတွင် ရေချိုငါးမွေး ဧကပေါင်း နှစ်သိန်း တသောင်းကျော် ရှိနေကြောင်း ငါးလုပ်ငန်းမှ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates