Monday, February 11, 2013

လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေး ကိစ္စအဓိကဖြေရှင်းရန် ဒေသခံများမှ တောင်းဆို

သိင်္ဂီထွန်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီ ၉ ရက်နေ့  ကချင်ခရီးစဉ်တွင်
ဒေသခံ ပြည်သူများက ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသခံများက
ပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် ခရီးစဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး မြစ်ကြီးနား၊ ပူတာအို၊ မိုးညှင်းတို့ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိရန် လုပ်ငန်းများ ဆောင်ရွက်ရန် ကချင်ပြည်နယ်သို့ သွားရောက်ကာ ပြည်သူ့အသံနားထောင်ခြင်း
ဖြစ်သည်ဟု မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ဆုံစဉ် ပြောကြောင်း မြစ်ကြီးနား ဒေသခံ
ဒေါ်ဂျာဆိုင်းခွန်က မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတာလည်း အခုထက်ထိ အကောင်အထည် မဖော်သေးဘူး။ ကချင်ပြည်သူတွေက အရှုံးတွေချည်းပဲ ဖြစ်နေတဲ့ အကြောင်းတွေ တင်ပြပါတယ် ” ဟု ဒေါ်ဂျာဆိုင်းခွန်က ပြောသည်။

ထိုအပြင် သမ္မတ ဦးသိန်းစိန်မှ ဇန်န၀ါရီ ၁၉ရက်တွင် ထိုးစစ်ရပ်ရန် ကြေငြာခဲ့သော်လည်း လက်တွေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် အဓမ္မစစ်သား စုဆောင်းခြင်း အပါအ၀င် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပစ္စည်းလုယူခြင်းများနှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘေးရှိ ကချင် ရွာကြီးတခု ဖြစ်တဲ့ နမ့်ဆန်ယန်ရွာကို မီးရှို့ခြင်းများကို ဥပဒေခုံရုံးများတွင် ထိုက်သင့်သော ပြစ်ဒဏ်တပ်ပေးရန် တောင်းဆိုခဲ့သည်ဟု ဒေါ်ဂျာဆိုင်းခွန်မှ ပြောသည်။

စစ်တပ်မှ ဒေသခံ အမျိုးသမီးများ အပေါ်ကျူးလွန်မှုများနှင့် ပတ်သတ်၍ ဒေါ်ဂျာဆိုင်းခွန်က  အဓမ္မမှု
ဖြစ်ပွားပြီးသည့် အချိန်မှ မလုပ်ခဲ့ဟု ငြင်းဆန်လေ့ရှိသဖြင့် ခံရသူမိသားစုများပေးသည့် စာများအား ၀န်ကြီးချူပ်မှ တဆင့်တင်ပြကာ တပ်ကိုမေးသော်လည်း ငြင်းဆန်သည်ဟု ပြောသည်။

၎င်းက “ဥက္ကဋ္ဌကတော့ အထက်က အကြောင်းအရာတွေကို အချင်းချင်း အပြစ်ဖို့ နေရင်တော့ ပြီးမှာ မဟုတ်ဘူးတဲ့။ အတိတ်ကဟာကို သင်ခန်းစာယူပြီး လုပ်ဆောင် သွားဖို့ကြိုးစားနေတယ်လို့ ပြောပါ ” ဟုပြောသည်။

လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ တပ်မတော်ဘက်မှ အဆင့်မြင့်အရာရှိများပါခဲ့ပြီး ကချင်အမတ်များနှင့် တိုင်းရင်းသား အမတ်များ ပါဝင်ခဲ့သည်။

 ဖေဖော်ဝါရီ ၁၀ရက်တွင် မိုးညှင်းမြို့ စိမ်းလဲရတနာခန်းမတွင်လည်း မိုးညှင်း၊ အင်းတော်ကြီး၊ မိုးကောင်း၊ ဖားကန့်ဒေသခံ တစ်ထောင်ခန့်နှင့် တွေ့ဆုံခဲ့သေးသည်။

မိုးညှင်းမြို့ ရှမ်းနီ (တိုင်းလျန်) ဖွံဖြိုးတိုးတက်ရေး ပါတီမှ ဗဟိုကော်မတီဝင် ဦးကျော်ထွေးက “ ဒီမှာက
ဒေသခံတွေက ကျီးလန့်ဆန်စား ဖြစ်နေရတဲ့ အကြောင်းပြောတော့ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်မှာ လည်း ငြိမ်းချမ်းရေး ကိစ္စကို ဆွေးနွေးမှုတွေ ရှိတဲ့အကြောင်း ပြန်ဖြေတယ်။ ကတိပြုတာမျိုးတော့ မပြောပါဘူး” ဟု မဇ္ဈိမကိုပြောသည်။

မိုးကောင်းနှင့်ဖားကန့်အတွက် ကြားဖြတ်ရွေးကော်ပွဲလုပ်ရန်ရှိမရှိ မိုးညှင်းမြို့ဒေသခံတစ်ချို့မှ မေးမြန်းမှုကို သူရဦးရွှေမန်းက လုပ်ပေးရန်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင်ဒေသခံများမှ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး၊ ပညာရေးကိစ္စများ တောင်းဆိုခဲ့သည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ညှိုနှိုင်းကာ ကြိုးပမ်းပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေသခံများမှ ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဖေဖော်ဝါရီ ၉ရက် နှင့်၁၀ရက်တို့တွင် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်တွင် ပူတာအိုမြို့ ၊သူကြီးရပ်ကွက်ရှိ ကန်မိုင်ကောင်း ကယ်ဆယ်ရေး စခန်းအား သွားရောက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ သတင်းသမား ကိုကျော်မျိုးမင်းကပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ဆွတ်ငိုင်တောင် နှစ်ခြင်းအသင်းသို့ သွားရောက်ခဲ့ပြီး မိုးညှင်းမြို့တွင်
နေ့လည် ၁၁နာရီမှ ၁နာရီအထိ လူထုနှင့် အထိတွေ့ဆုံ ခဲ့ကြောင်း သတင်းသမား ကိုကျော်မျိုးမင်းက
ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates