Thursday, January 24, 2013

အစိုးရထုတ် ဓါတ်မြေသြဇာများကို ကြားခံအနည်းဆုံး စနစ်ဖြင့် ရောင်းချမည်

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၄၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံပိုင်စက်ရုံများမှ ထုတ်လုပ်သည့် ယူရီးယား ဓါတ်မြေသြဇာများကို တောင်သူများ ထံသို့ ကြားခံအဆင့် အနည်းဆုံးစနစ်ဖြင့် မြို့နယ်များသို့ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

“နိုင်ငံပိုင် စက်ရုံကနေ လာမယ့် ဘဏ္ဍာနှစ်အတွင်းမှာ ဓါတ်မြေသြဇာ ၂၅၈,၈၀၂.၅၀ တန် ထုတ်လုပ်ဖို့ လျာထားပါတယ်။ ယူရီးယား ဓါတ်မြေသြဇာများကို အမှန်တကယ် သုံးစွဲသူ တောင်သူများထံ ကြားခံအဆင့် အနည်းဆုံးနဲ့ ရောက်ရှိစေမယ့် နည်းလမ်းဖြစ်တဲ့ မြို့နယ်တွေကို တိုက်ရိုက်ရောင်းချ ဖြန့်ဖြူးတဲ့ စနစ်ကို ဆောင်ရွက်သွားမှာပါ” ဟု မြန်မာ့ ရေနံဓါတုဗေဒ လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စက်ရုံများမှ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ယူရီးယား ဓါတ်မြေသြဇာ ၁၆၁,၃၈၄.၇၅ တန် ထုတ်လုပ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ ဆန်စပါး အဖွဲ့ချုပ် လက်အောက်ရှိ ဆန်စပါးအထူးပြု ကုမ္ပဏီများမှ တင်ပြ လျှောက်ထားမှုအပေါ် မူတည်၍ လက်ငင်း
ငွေချေစနစ်၊ ၆ လဆိုင်း အကြွေးစနစ်တို့ဖြင့် ရောင်းချပေးခဲ့သည်ဟု ဆိုသည်။

“နိုင်ငံပိုင် စက်ရုံထုတ် ယူရီးယား ဓါတ်မြေသြဇာတွေကို တင်ပြမှုအပေါ်မူတည်ပြီး ၁ တန်ကို ကျပ် ၂၈၈,၀၀၀ နှုန်းနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ၁၆၆,၁၉၇ တန် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ထုတ်လုပ်သော ယူရီးယား ဓါတ်မြေသြဇာများမှာ ကုန်းတွင်း သဘာဝဓါတ်ငွေ့ ရရှိမှု အခြေအနေပေါ်တွင်မူတည်၍ ထုတ်လုပ်ရသဖြင့် ဝယ်လိုအား ရှိသလောက် မထုတ်လုပ်နိုင်ပေ။
ပြည်ပမှ တင်သွင်းသည့် ဓါတ်မြေသြဇာ ဈေးနှုန်းများထက် ဈေးသက်သာ၍ ဝယ်လိုအား ရှိနေခြင်း လည်း ဖြစ်သည်။

ပြည်ပမှ တင်သွင်းသည့် ယူရီးယား ဓါတ်မြေသြဇာများမှာ နေရာဒေသအလျောက် တအိတ် (ကေဂျီ ၅၀ ဝင်)
ဈေးနှုန်း ကွာခြားလျက်ရှိရာ တောင်ကြီးဒေသတွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ပုလဲ-ကမ္ဘာလုံး တံဆိပ်မှာ တအိတ်
လျှင် ၁၈,၅၀၀ ကျပ်၊ ရွှေတောင်တံဆိပ်မှာ ၁၈,၅၀၀ ကျပ်၊ UAE မှ တင်သွင်းသည့် ယူရီးယား ဓါတ်မြေသြဇာ မှာ ၁၈,၀၀၀ ကျပ်တို့ ရှိပြီး မကွေးဒေသတွင် ပုလဲ-ကမ္ဘာလုံးတံဆိပ်မှာ ၂၀,၀၀၀ ကျပ်နှင့် ရွှေတောင် တံဆိပ်မှာ ၁၉,၅၀၀ ကျပ်တို့ ဈေးပေါက်နေကြောင်း သိရသည်။ နိုင်ငံပိုင် စက်ရုံများမှ ရောင်းဈေးမှာမူ တအိတ်လျှင် ၁၄,၄၀၀ ကျပ် ဈေးနှုန်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates