Thursday, January 24, 2013

ရန်ကုန်-သံတွဲ ခရီးသည်တင်ယာဉ် တိမ်းမှောက် လူ ၁၄ ဦး သေဆုံး၊ ၃၃ ဦး ဒဏ်ရာရ

သိန်းလှိုင် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၃ မိနစ်

တောင်ကုတ် (မဇ္ဈိမ)။   ။ ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသော အောင်သစ္စာ ခရီးသည်တင် ယာဉ်တစီးသည် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၃း၃၀ နာရီခန့်တွင် ပြည်မြို့မှ မိုင် ၇၀ အကွာ ရခိုင်ရိုးမ
နေပူတောင်အဆင်း ဘရိတ်ပေါက်၍ ချောက်ကမ်းပါးထဲသို့ ထိုးကျသွားခဲ့ရာ ယဉ်မောင်းတဦးနှင့် ယာဉ်နောက်လိုက် တဦး အပါအဝင် လူ ၁၄ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိသွားခဲ့ရကြောင်း တောင်ကုတ်
အောင်သစ္စာ ကားဂိတ်မှ တာဝန်ကျ ဝန်ထမ်း တဦးက ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၃ နာရီခန့်က ရန်ကုန်-သံတွဲ အောင်သစ္စာ ခရီးသည်တင် ဘက်စ်ကား တစီးသည် သံတွဲမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင် ချောက်ထဲကျ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၄ ဦး သေဆုံးခဲ့ရပြီး ၃၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

အဆိုပါ ယာဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းမှ သံတွဲမြို့သို့ ဦးတည် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင် ယဉ်မောင်း နှစ်ဦး၊ ယာဉ်နောက်လိုက် နှစ်ဦးနှင့် ခရီးသည် ၄၃ ဦး စီးနင်းလိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

“အခု သေဆုံးသူတွေရော၊ ဒဏ်ရာရသူတွေအားလုံး တောင်ကုတ်ဆေးရုံကို ရောက်နေပါပြီ။ တာဝန် ရှိသူတွေ အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးနေပါတယ်။ ဒဏ်ရာပြင်းထန်သူ တချို့ကိုတော့ သံတွဲ ခရိုင်ဆေးရုံကြီးကို ပို့ပြီးတော့ ဆေးကုသနေပါတယ်” ဟု တောင်ကုတ် အောင်သစ္စာကားဂိတ် ပိုင်ရှင် ဦးစောရွှေ က မဇ္ဈိမကို ပြောသည်။

တောင်ကုတ်ဆေးရုံတွင် လူနာ ၁၈ ဦး ချန်ထားခဲ့ပြီး ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးသည့် လူနာ ၁၅ ဦးအနက် တချို့မှာ ဒဏ်ရာပြင်းလွန်း၍ ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“သံတွဲဆေးရုံမှာ လူနာ ၁၅ ဦးရှိတယ်။ တဦး နှစ်ဦးက ဒဏ်ရာအရမ်းပြင်းတယ်။ ပြည်က ခလေးမလေးဆိုရင် ရန်ကုန်ဆေးရုံကြီး တင်ပို့ရမယ့် အနေအထားရှိတယ်။ ဒီက ဝန်ထမ်းတွေရော အားလုံး အကောင်းဆုံး ကြိုးစားနေကြတာ တွေ့ရတယ်” ဟု သံတွဲမှ ဓါတ်ပုံဆရာတဦးဖြစ်သည့် ဦးတင်ဝင်း က မဇ္ဈိမကို ပြောသည်။

သေဆုံးသွားခဲ့ရသူ ၁၄ ဦးမှာ ယာဉ်မောင်း ဦးဇော်မင်းနိုင် (ဥသျှစ်ပင်)၊ ယာဉ်နောက်လိုက် ကိုဇော်မင်းသိန်း (သံတွဲ)၊ ဦးထွန်းထွန်း (သံတွဲ)၊ ကိုပု(သံတွဲ)၊ ကိုအောင်သန်းထွန်း (တောင်ကုတ်)၊ ကိုဇော်လတ် (ပြည်)၊ ကိုအောင်စိုးနိုင် (သံတွဲ)၊ ဒေါ်မိုးမိုး (သံတွဲ)၊ ဒေါ်လှသိန်း (သံတွဲ)၊ ဒေါ်တင်ဝင်း (ပြည်)၊ ဒေါ်သန်းသန်းဝင်း (သံတွဲ)၊ ဒေါ်သင်းသင်းဝင်း (မြောက်ဥက္ကလာ၊ ရန်ကုန်)၊ မအေးမြဖြူ (မြောက်ဥက္ကလာ၊ ရန်ကုန်)၊
ဒေါ်ခင်မိုးဝင်း (ရွှေပြည်သာ၊ ပြည်) တို့ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၆း၃၀ က တောင်ကုတ်ဆေးရုံ ဝန်ထမ်းတဦး၏ ပြောကြားချက်အရ ထိုဆေးရုံရှိ ဒဏ်ရာရရှိသူ အများစုမှာ သက်သာသဖြင့် ၎င်းတို့နေအိမ်သို့ ပြန်သွားပြီဟု သိရသည်။

ရန်ကုန်နှင့် ရခိုင်ပြည်နယ် ကုန်းလမ်း မော်တော်ယာဉ် ပြေးဆွဲသည့်သမိုင်းတလျှောက် ယခုကဲ့သို့ လူအသေ
အပျောက်များပြားသည့် ယာဉ်တိမ်းမှောက်မှုမျိုး တခါမျှ မကြုံဖူးသေးကြောင်း တောင်ကုတ် ဒေသခံများက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates