Thursday, January 24, 2013

ဒေါ်စု အမေရိကန် ထပ်သွား၊ ကိုရီးယားလည်း ဝင်မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ
နိုင်ငံရပ်ခြား ခရီးစဉ်များကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည်စတင်လိုက်ပြန်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်များကို သွားရောက်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၉း၄၅ နာရီအချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ခရီးစဉ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထိကြာမြင့်မည်ဖြစ်ပြီး အမေရိကန်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့အထိ နေထိုင်စဉ် ဟာဝိုင်ယီကျွန်းစုရှိ ဟိုနိုလူးလူးမြို့တွင် ငြိမ်းချမ်းရေးဆု လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် လွတ်မြောက်လာခဲ့ပြီးနောက် ဒုတိယအကြိမ် အမေရိကန် ခရီးစဉ်လည်း ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံသို့လည်း ခရီးဆက်မည် ဖြစ်သည်။

ဟာဝိုင်ယီကျွန်းစုရှိ ဟိုနိုလူးလူးမြို့တွင် ပြုလုပ်မည့် Rotary Global Peace Forum တွင် ငြိမ်းချမ်းရေးဆု တခု ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ဟိုနိုလူးလူး မြို့တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ငြိမ်းချမ်းရေးဖိုရမ် တွင် ဒေါ်အောင်ဆန်း စုကြည် က ပင်မ ဟောပြောသူအဖြစ် ပါဝင်မည်ဟုလည်း Rotary Global Peace Forum က ထုတ်ဖော်ကြေညာထား သည်။

ဇန်နဝါရီလ ၂၆ ရက်မှ ၂ရ ရက်နေ့ထိ ပြုလုပ်မည့် ငြိမ်းချမ်းရေးဖိုရမ်မှာ ကမ္ဘာအရပ်ရပ်မှ အသက်အရွယ် အမျိုးမျိုးသောသူများ ဆုံစည်းကာ ပိုမိုငြိမ်းချမ်းသော ကမ္ဘာတခုဆီသို့ ဖြစ်ထွန်း တိုးတက်စေရန် အတွက် အယူအဆနှင့် မဟာဗျူဟာများ မျှဝေကြခြင်း ဖြစ်သည်။

Rotary မှာ အဖွဲ့ဝင် တသန်း နှစ်သိန်းကျော်ရှိသည့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဲ့လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး အတွက် ဆောင်ရွက်ချက် များကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း ဖြစ်သည်။

အမေရိကန်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ထိ နေထိုင်မည်ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ် အထူး အိုလံပစ်ပွဲများ ဖွင့်ပွဲသို့လည်း တက်ရောက်ဦးမည်ဖြစ်ကာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှသာ
မြန်မာနိုင်ငံသို့ပြန်လည်ရောက်မည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိမ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့က သွားရောက်ခဲ့ပြီး ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုခရီးစဉ်အတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံနိုင်ခဲ့သည်။

ထိုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံအချို့သို့ ဇွန်လလယ်က သွားရောက်ခဲ့ကာ အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလနှောင်းပိုင်းတွင် သွားရောက်ခဲ့ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာလလယ်က ခြောက်ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၊ ဟောင်ကောင်သို့လည်း သွားရောက်လည်ပတ်လိုသည့် ဆန္ဒရှိကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates