Monday, January 21, 2013

မြန်မာ့လုံးတီးဆန် ဈေးကွက်သစ် ကိုရီးယား ဖြစ်လာမည်


ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။      ။ မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် လုံးတီးဆန် တန်ချိန် ၇၀,၀၀၀ ဝယ်ယူရန် ကိုရီးယား ကုမ္ပဏီ တခုက လာရောက်ညှိနှိုင်း ကမ်းလှမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆိုသည်။

“လုံးတီးဆန် တန် ၇၀,၀၀၀ ကို ဝယ်ယူဖို့ ကိုရီးယားနိုင်ငံ အခြေစိုက် ဆမ်ဆောင်း စီအေတီ ကုမ္ပဏီက မက်ပို အများပိုင် ဆန်စပါးကုမ္ပဏီကို လာရောက် ညှိနှိုင်း ကမ်းလှမ်းခဲ့ပါတယ်။ ရောင်းချနိုင်မယ် ဆိုရင် ဖေဖေါ်ဝါရီ လထဲမှာ ခေါ်မယ့် တင်ဒါမှာ မက်ပိုအနေနဲ့ ဝင်လျှောက်ရမှာပါ” ဟု ဆန်စပါးအသင်းချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ စိုးထွန်း က မဇ္ဈိမကို ပြောသည်။

ထိုတင်ဒါ အောင်မြင်ပါက မတ်လမှ စတင်ကာ တခေါက်လျှင် ဆန်တန်ချိန် ၁၀,၀၀၀ တင်ပို့ရမည် ဖြစ်သည်။

“FOB ဈေးအနေနဲ့ တတန်ကို ၃၇၀ ဒေါ်လာနဲ့ ရောင်းချဖို့ မှန်းထားပါတယ်။ ကိုရီးယားဈေးကွက်ကို တင်ပို့ဖြစ်ရင် မြန်မာနိုင်ငံအနေနဲ့ ဂျပန် ဈေးကွက်သစ်ပြီးရင် ဒုတိယမြောက် ဈေးကွက်သစ် ရရှိမှာ ဖြစ်ပါတယ်” ဟု မက်ပို အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာ တဦးက ပြောသည်။

ဆန်စပါးများကို ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ပါက စပါးဈေးများ အထိုက်အလျှောက်ကောင်း လာနိုင်မည် ဖြစ်သည်။

လက်ရှိတွင် မြန်မာ့ ဆန်ကို အာဖရိက၊ ရုရှား၊ တရုတ်၊ အင်ဒိုနီးရှား နှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates