Monday, January 21, 2013

ရေကြည် NLD ညီလာခံ ကော်မရှင်အား မကြေနပ်မှုများ ရှိနေ


စည်သူမောင်မောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်

ပုသိမ် (မဇ္ဈိမ)။   ။ ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့ သည် တိုင်းနှင့် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင် ခေါင်းဆောင်များအား မကြေနပ်၍ ဇန်နဝါရီလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

တိုင်းညီလာခံကျင်းကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာအေးကြူ၊ အတွင်းရေးမှူး ဒေါက်တာမျိုးညွန့် နှင့် မြို့ နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်အောင်တို့အား ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“မတရား လုပ်နေတာတွေကို အချိန်မီ ဗဟိုကို တိုင်ကြားမှုတွေရော၊ လူကိုယ်တိုင်ရော သွားပြောတယ်။ ဘာမှမလုပ်ဘူး။ ကျနော် ဆက်လည်း မလုပ်ချင်တော့ဘူး။ ဒီမိုကရေစီ မူဘောင်တွေ မကျင့်သုံးနိုင်သလို ဖြစ်နေတယ်။ ကျနော်တို့ လုပ်လာတာ ကြာပြီ။ သူတို့ဘက်က မလုပ်ရင် ကျနော်တို့ဆန္ဒ ဆက်လက်
ဖော်ထုတ်မယ်” ဟု ဆန္ဒပြသူ အဖွဲ့ဝင် ဦးစိုးဝင်း က ဆိုသည်။

မွန်းတည့် ၁၂ နာရီကျော်တွင် စတင်ခဲ့သည့် ဆန္ဒပြပွဲတွင် အင်အား ၁၅၀ ကျော် ပါဝင်ကာ ပိုစတာများ ကိုင်ဆောင်လျက် မီးရထားဘူထာရုံရှေ့တွင် နေ့လည် ၁ နာရီကျော်တွင် လူစုခွဲခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက သည် NLD ဗဟိုမှ ထုတ်ပြန်သည့် ညီလာခံကျင်းပရေးစီမံချက်အတိုင်း ညီလာခံ များကို ကျင်းပေးရန်၊ ကျေးရွာအုပ်စု ၄၀ ညီလာခံကို ပြန်လည်းကျင်းပရန် တို့ကို တောင်းဆိုခဲ့ကြသည်။

“ညီလာခံကျင်းပရေးစီမံချက်နှင့် အညီမလုပ်ဆောင်ခဲ့ဘူး။ ပါတီဝင်တွေကို မသမာသော နည်းတွေ သုံးခဲ့တယ်။ တိုင်းကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ မြို့ နယ်ကော်မရှင် ဥက္ကဋ္ဌ တို့ ကို မကျေနပ်လို့ ဆန္ဒပြတာ” ဟု အဖွဲ့ဝင် ဒေါ်ချိုတူမာ က ပြောသည်။

သို့သော် တာဝန်ရှိသည့် တိုင်းကော်မရှင်ဥက္ကဋ္ဌကမူ ညီလာခံအား ဒီမိုကရေစီနည်းကျ ဆောင်ရွက်ခဲ့
ကြောင်း ပြန်လည်ဖြေရှင်းသည်။

“ပါတီအတွက် လုပ်ဆောင်ပေးတာပါ။ ဒီမိုကရေစီနည်းလမ်းအတိုင်း ဆောင်ရွက်တာ။ ဆန္ဒပြတာ လူနည်းစုပဲ ဖြစ်တယ်။ အခုဒီမှာ မြို့ နယ်ညီလာခံကို ကျင်းပနေတယ်။ သူတို့ လုပ်ဆောင်တာတွေက ဒီမိုကရေစီနည်း မကျဘူး။ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတာပဲ” ဟု ဦးအေးကြူ က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates