Wednesday, December 19, 2012

ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၉ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့် ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်ကြနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနာကို နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် အလုပ်သမား ခန့်ထားခြင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနှင့် ထိုင်းနိုင်ငံတို့ ၂ဝဝ၃ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှ စတင်၍ သက်ဆိုင်ရာ အထောက်အထားများ ထုတ်ပေးခဲ့သည်။

“အခုအချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၂ သိန်းကျော်ကို ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့ပြီး ဖြစ်ပါ တယ်။ သို့သော် အထောက်အထားမဲ့ လုပ်သား ၈ သိန်းမှ ၁ သန်းခန့်အထိ ကျန်နေသေးတဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းပြီး အထောက်အထားတွေ ထုတ်ပေးနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးက ပြောသည်။

ထို့အတူ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားသစ် စုစုပေါင်း
လေးသောင်း ကျော်ကို တရားဝင် စေလွှတ် လုပ်ကိုင်ခွင့် ပြုခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခွဲခန့်သည် ပင်လယ်ပြင်ထွက် ထိုင်းစက်လှေများ ပေါ်တွင် အလုပ်လုပ်နေကြ သူများနှင့် ပင်လယ်စာ ထုပ်ပိုး၊ အစာသွပ် စက်ရုံ၊ ပုဇွန်ခွါ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြကြောင်း လူအခွင့် အရေး စောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအနက် တသိန်းတထောင်
ကျော်ကို နိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့သည်။

“မလေးရှားမှာ ကျန်ရှိနေသေးတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား တသိန်းခန့်ကို မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ ဆက်ပြီး ဆောင်ရွက်ပေးနေပါတယ်” ဟု အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အလုပ်သမား စေလွှတ်သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ အပါအဝင် စုစုပေါင်း ၁၅ နိုင်ငံသို့ မြန်မာလုပ်သားများ အများဆုံး သွားရောက်လုပ်ကိုင် လျက် ရှိနေသည်။

“မြန်မာ ရွှေ့ပြောင်းလုပ်သား အများစုက မြန်မာ စက်ရုံတွေထက် သာတဲ့ နေ့စားခတွေ ရတာကြောင့် ထိုင်းမှာရှိတဲ့ အအေးခန်း စက်ရုံတွေနဲ့ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြရတယ်။ အကယ်၍ သာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူတွေကြောင့် မြန်မာလုပ်သားတွေရဲ့လုပ်ခ လစာတွေ မြင့်လာရင် ပြန်လာကြမယ့်သူတွေ ရှိနေပါတယ်” ဟု ထိုင်းနိုင်ငံ အအေးခန်း စက်ရုံတခုတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသူ သာကေတမြို့နယ်မှ ကိုသက်လွင် က ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates