Wednesday, December 19, 2012

ထားဝယ် စီးပွါးရေးဇုန် ဧရိယာ မြန်မာ လျှော့ချလိုဟု ထိုင်းသတင်းစာဆို

မဇ္ဈိမ သတင်းဌာန  | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၃ မိနစ်

မြန်မာအစိုးရ အနေဖြင့် ထားဝယ် အထူး စီးပွါးရေးဇုန်၏ ဧရိယာအား ၂၄၀.၅ စတုရန်း ကီလိုမီတာမှ ၁၅၀ စတုရန်း ကီလိုမီတာသို့ လျှော့ချလိုကြောင်း အဆိုပြုခဲ့သဖြင့် ထိုင်းနိုင်ငံအား စိုးရိမ်စေခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဗုဒ္ဓဟူးနေ့က ရေးသား ဖော်ပြထားသည်။

မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra တို့ ထားဝယ် အထူး စီးပွါးရေးဇုန်သို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က သွားရောက်စဉ်အတွင်း အသေးစိတ် ဆွေးနွေးနေကြစဉ်။ (ဓါတ်ပုံ : Yingluck Shinawatra / Facebook)

မြန်မာနိုင်ငံ၏ ထိုအဆိုပြုချက်အား ထိုင်းနိုင်ငံက တုံ့ပြန်ပြောဆိုရာတွင် ထိုင်းနိုင်ငံ အနေဖြင့် မူလက သတ်မှတ်ထားခဲ့သည့် စီမံကိန်း ဧရိယာ အကျယ်အဝန်းအပေါ် အခြေခံ၍ ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှုစီမံကိန်း တို့နှင့် ပတ်သတ်၍ ‘ဖြစ်နိုင်ချေ ရှိမရှိ ကနဦး လေ့လာ အကဲဖြတ်မှု (feasibility study)’ ကို လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်ဟု ဆိုခဲ့ကြောင်း ထိုင်း ပို့ဆောင်ရေးဝန်ကြီး ချာချတ် စီတီပန် Chatchart Sithipan ကို ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက် ရှီနာဝ်ထရာ Yingluck Shinawatra တို့က ထားဝယ်တွင် သတင်းထောက်များအား ပြောဆိုရာတွင် နှစ်နိုင်ငံ အစိုးရများ အနေဖြင့် ဒေါ်လာ ဘီလီယံ များစွာ တန်သည့် ထားဝယ်စီမံကိန်းအား ထောက်ခံမည် ဖြစ်ကာ ရင်းနှီးမြှုပ်နှံလိုသူများကို တက်ကြွစွာ ရှာဖွေလျက်ရှိကြောင်း ပြောခဲ့ပြီးနောက် တရက်အကြာတွင် အကျယ်အဝန်း ဧရိယာ လျှော့ချလိုသည့် သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ဒီတွေ့ဆုံမှုဟာ မြန်မာအစိုးရ အနေနဲ့ (ဂျပန်နိုင်ငံ ဖြစ်ဖွယ်ရှိတဲ့) တခြားနိုင်ငံ တနိုင်ငံ ပါဝင် ရင်းနှီးမြှုပ်နှံလာဖို့ ဖိတ်ခေါ်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တဲ့ ပထမဆုံး တွေ့ဆုံမှုပါပဲ။ ဂျပန်နိုင်ငံဟာ ဆိပ်ကမ်းတွေနဲ့ လမ်းတွေ အပါအဝင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံတွေ ကာလကြာမြင့်စွာ ကတည်းက ရှိခဲ့တဲ့အတွက် အဲဒါဟာ အကျိုးကျေးဇူးတခုပဲ ဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးဝန်ကြီး ချာချတ် စီတီပန် က ဆိုကြောင်း The Nation က ရေးသားထားသည်။

ထိုင်းနိုင်ငံ အနေဖြင့် ဒေါ်လာ ၉ ဘီလီယ တန်ဖိုးရှိသည့် ထားဝယ် စက်မှုဇုန်အတွက် ၃၅ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည်။

ဧပြီလတွင် စတင်ရန် လျာထားပြီး ထားဝယ် စီမံကိန်းတွင် ရေနက် ဆိပ်ကမ်း တခု၊ လျှပ်စစ် ဓါတ်အားပေး စက်ရုံများ နှင့် အခြား စက်ရုံများ ပါဝင်မည် ဖြစ်သည်။ စီမံကိန်း အတွက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများထဲတွင် ကပ္ပလီ ပင်လယ် ကမ်းရိုးတန်း ပေါ်ရှိ ထားဝယ်မှ နေ၍ ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကာ ကန်ချနဘူရီ မှ တဆင့် ဘန်ကောက်မြို့အထိ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမကြီး တခု ဆောက်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံထားခြင်းလည်း ပါဝင်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates