Wednesday, December 19, 2012

တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ဒေါ်လာ ၁၈၆ သန်းဖိုးခန့် သွင်း/ပို့ လက်မှတ်ရေးထိုး

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၀၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ် ကုန်စည်ပြပွဲတွင် ကုန်စည်များ တင်ပို့မှုနှင့် တင်သွင်းမှုတို့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များ အသင်းတွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့ထိ ကျင်းပခဲ့သည့် “၁၂ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်စည်ပြပွဲမှာ မြန်မာ ဘက်က ကုမ္ပဏီ ၉ ခုနဲ့ တရုတ်ဘက်က ကုမ္ပဏီ ၈ ခုတို့ သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၄၁.၅၂၂ သန်းနဲ့ ယွမ် ၁.၉၂၆ သန်းဖိုး၊ ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၄၄.၁ဝ၁ သန်းဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၆ သန်းဖိုး ခန့် လက်မှတ်ရေးထိုးခဲ့ကြပါတယ်” ဟု နယ်စပ်ကုန်သွယ်ရေးမှ အကြီးတန်း အရာရှိတဦးက ပြောသည်။

မြန်မာဘက်သို့ သွင်းကုန်များမှာ ဓါတ်ခဲကုန်ကြမ်း၊ ဆပ်ပြာကုန်ကြမ်း၊ စက်ကိရိယာ၊ လက်ကိုင်ဖုန်း၊ အထည်အလိပ်၊ အိမ်သုံးဆေးဝါး၊ သတ္တုတွင်းလုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သည်။

“ပို့ကုန်အနေနဲ့ ငါးရှဥ့်အရှင်၊ ဂဏန်းအရှင်၊ ငါးဆားနယ်၊ ငါးခြောက်၊ ငါးလိပ်ခြောက်၊ ငါးပူတင်း၊ ငါးစီပေါင်း၊ ငါးကြင်း၊ ပုစွန်၊ ကင်းမွန်၊ ခရု၊ ပင်လယ်မျှော့၊ နှမ်း၊ ရော်ဘာ၊ ပြောင်းဖူးစေ့၊ ပဲတီစိမ်း၊ ဆီ၊ ဆန်၊ ချဉ်ပေါင်ဖာလာ၊ နေလဲစေ့၊ သီဟိုဠ်စေ့နဲ့ ခဲသတ္တုတို့ တင်ပို့ဖို့ လက်မှတ် ရေးထိုးခဲ့ကြပါတယ်” ဟု မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ ဦးထွန်းလင်း က ပြောသည်။

လက်မှတ် ရေးထိုးခဲ့ကြသည့် ကုမ္ပဏီများမှာ ဟိုက်ဝင်း ဖန်မလီ ကုမ္ပဏီနှင့် Yin Yi Co; Ltd၊ မြဝတီ ထရေဒင်း ကုမ္ပဏီနှင့် Yin Yi Co; Ltd၊ မြန်မာနန်ယမ်ကုမ္မဏီ နှင့်China Yui Li Co; Ltd၊ မြန်မာ နန်ယမ်ကုမ္မဏီနှင့် China Yui Li Darui Co;Ltd၊ ယူရုတ် အေရှား ကော်မာရှယ် ကုမ္ပဏီနှင့် Ruili City Industry Co; Ltd၊ ဟိန်းနဒီအောင် ကုမ္ပဏီနှင့် Juang Sa Co; Ltd၊ ရွှေလီသက်ရီ ပို့ကုန်သွင်းကုန် ကုမ္ပဏီနှင့် ရူကြမ်းကုမ္မဏီ၊ မန်စီမြို့ သွင်းကုန် ထုတ်ကုန် ကုမ္ပဏီနှင့် ကျိလီ သွင်းကုန် ကုမ္ပဏီ၊ ဝင်းမြို့ဗိုလ် ကုမ္ပဏီ နှင့် စန်းလျင် ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates