Wednesday, October 17, 2012

မတ်ပဲနှင့် ပဲတီစိမ်း တင်ပို့မှု ပြန်တက်လာသော်လည်း ဈေးငြိမ်

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မတ်ပဲ နှင့် ပဲတီစိမ်းများကို အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ အောက်တိုဘာလ ပထမပတ်အတွင်း ပြန်လည်တက်လာသော်လည်း ဈေးတန့်နေနိုင်ကြောင်း ဘုရင့်နောင်ရှိ ပဲကုန်သည်များက ခန့်မှန်းထားကြသည်။

“မြန်မာနိုင်ငံထွက်တဲ့ ပဲတွေကို အိန္ဒိယဈေးကွက်က အဓိက ဝယ်နေတာပါ။ အိန္ဒိယဘက်က အဝယ်ရပ်ရင် ပြည်တွင်းပဲလည်း အဝယ်ရပ်တာပဲ။ အိန္ဒိယက အဆွဲများရင် ပြည်တွင်းက အဝယ်လိုက်တဲ့ အနေအထား ရှိတယ်။ အိန္ဒိယနိုင်ငံထဲမှာ ဇူလိုင်လနဲ့ သြဂုတ်လမှ ပဲဈေးတွေ တက်တော့ ပြည်တွင်းမှာ အဝယ်တွေလိုက်၊ ဈေးလည်း ကောင်းကောင်းရခဲ့တယ်။ စက်တင်ဘာ ပထမပတ်နဲ့ ဒုတိယမှာ အိန္ဒိယဘက်က ဝယ်လိုအား ကျတော့ ပြည်တွင်းမှာလည်း ဈေးပြန်ကျသလို အဝယ် ရပ်သွားကြ သူတွေတောင် ရှိတယ်။ ဒါကြောင့် ပြည်တွင်း ပဲဈေးကွက်ဟာ အိန္ဒိယဈေးကွက်နဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိနေပါတယ်” ဟု ကုန်သည် ဦးကြည်စိုး က သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့ ဘုရင်နောင် ကုန်စည်ဒိုင်၏ မတ်ပဲပေါက်ဈေးမှာ စက်တင်ဘာလတွင် ၁ တန်လျှင် ကျပ် ၄၉၀,၀၀၀ မှ ၅၇၆,၀၀၀ ရှိပြီး ပဲတီစိမ်း ၁ တန်လျှင် ကျပ် ၆၀၀,၀၀၀ ကျော်တွင် ရှိခဲ့သည်။

“ပဲတင်ပို့မှုအနေနဲ့ မတ်ပဲနဲ့ ပဲတီစိမ်းက အရင်တပက်က ပိုပြီး တင်ပို့လာပါတယ်။ စက်တင်ဘာလ တလလုံး မတ်ပဲ တင်ပို့မှုအနေနဲ့ တန်ချိန် ၂၈,၉၀၀ ရှိခဲ့ပြီး သြဂုတ်လထဲမှာ တန်ချိန် ၂၉,၇၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့က စက်တင်ဘာလ ၂၈ ရက်နေ့အထိ မတ်ပဲတန်ချိန် ၃၃၄,၀၀၀ ခန့် တင်ပို့မှု ရှိပါတယ်။ ပဲတီစိမ်း တင်ပို့မှုမှာလည်း သြဂုတ်လထဲမှာ တန်ချိန် ၁၀,၀၀၀ ကျော်၊ စက်တင်ဘာလထဲမှာ တန်ချိန် ၂၅,၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိ ဈေးကွက်အနေအထားအရ မတ်လနှင့် ပဲစင်းငုံတို့မှာ အောက်တိုဘာ ဒုတိယပတ်နှင့် တတိယအပတ်တို့တွင် ပြန်လည် အဝယ်လိုက်လာဖွယ်ရှိပြီး အိန္ဒိယ ပဲဈေးကွက် ဒေသထွက် ပဲအသစ်များလည်း ဝင်ရောက်လာမည် ဖြစ်၍ လက်ရှိဈေးနှုန်းများဖြင့် ဈေးငြိမ်ဖွယ်ရှိကြောင်း သုံးသပ်နိုင်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates