Wednesday, October 17, 2012

လူ့အခွင့်အရေး တိုးတက်မှ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု အမေရိကန် ပြော

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၀ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ မြန်မာနိုင်ငံ အနေဖြင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် ပိုမိုတိုးတက်မှုများ ရှိလာမှသာလျှင် အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာမည်ဟု
မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ထိပ်တန်း အမေရိကန် နိုင်ငံခြားရေးနှင့် စစ်ရေး ကိုယ်စားလှယ်အဖွဲ့က ပြောသည်။

တောင်နှင့် အရှေ့တောင်အာရှရေးရာ အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Vikram Singh ၏ ပြောဆိုချက်သည် မြန်မာစစ်ဘက်နဲ့ အမေရိကန် တပ်များအကြား ဆက်သွယ်မှု ထူထောင်ရန် ပင်တဂွန် စစ်ဌာနချုပ် က ဆန္ဒရှိနေခြင်းကို ရောင်ပြန်ဟပ်နေကြောင်း Foreignpolicy မဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် တနလာင်္နေ့က ရေးသားထားသည်။ 

သို့ရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာမှသာလျှင် ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်လိမ့် မည်ဟု ဆိုထားသည်။

“ထိုကဏ္ဍတွင် လုပ်စရာများစွာ ကျန်ရှိနေသေးသည့်အပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ထိုအားထုတ်မှုများအား ပံ့ပိုးပေးရန် စိတ်ဝင်စားပါသည်။ အပြန်အလှန် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများ ပြန်လည် စတင်ရန်အတွက် (လူ့အခွင့်အရေးဆိုင်ရာ) တိုးတက်မှုများ ရှိမှသာလျှင် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကျနော်တို့ အနေဖြင့် မြန်မာစစ်ဘက်သည် အရပ်သားအစိုးရအား ဆက်လက် ထောက်ခံပံ့ပိုးကာ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ
နှင့် လူ့အခွင့်အရေးကိစ္စရပ်များတွင် တိုးတက်မှု ရှိလာအောင် ကြိုးပမ်းခြင်းကို လက်ခံလိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု တရားဝင်ကြေညာချက်ထဲတွင် ဆိုထားသည်။

လောလောဆယ်တွင် အမေရိကန်နှင့် မြန်မာအကြား တရားဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိသော်လည်း အမေရိကန်က ပိတ်ဆို့ အရေးယူထားမှုများအား ဇူလိုင်လအတွင်းက ဖြေလျှော့ပေးခဲ့သဖြင့် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာ ကာကွယ်ရေး ဝန်ကြီးဌာနအပေါ် ဘဏ္ဍာရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်တော့မည်ဟု ဆိုထားသည်။

“ကာကွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ တရားဝင် မူဝါဒကတော့ လူသားချင်း စာနာမှု ဆိုင်ရာကိစ္စရပ်နဲ့ သံတမန်ရေးရာ ကိစ္စတွေက လွဲလို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးတဲ့ ကဏ္ဍတခုအဖြစ် ဆက်လက်ကျန်ရှိနေဆဲပါ” ဟု ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ဆိုသည်။

“လူ့အခွင့်အရေးကို လေးစားခြင်း၊ အရပ်သားက စစ်ဘက်ကို ကြီးကြပ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းများသည်
ခေတ်မီ၍ အရည်အသွေးပြည့်ဝသော တပ်မတော်၏ လက္ခဏာများ ဖြစ်ပါသည်။ ၎င်းတို့သည် တရားဝင်မှုအတွက် အဓိကကျသော အရာများလည်း ဖြစ်သည်” ဟု Foreignpolicy ၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ အနေနှင့် အာရှ-ပစိဖိတ် ဒေသအတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သည့် ‘ရွှေမြွေဟောက်’ တွင် လာမည့်နှစ်၌ လေ့လာသူအဖြစ် ပါဝင်နိုင်ရေးကို လိုလားလျက်ရှိပြီး ဝါရှင်တန်သို့ တင်ပြနိုင်ရေးအတွက် ထိုင်းနိုင်ငံ အား အကူအညီ တောင်းခံထားသည်။

ရွှေမြွေဟောက် သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ပြုလုပ်သော နိုင်ငံစုံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ဖြစ်ပြီး ပါဝင်လေ့ကျင့်ကြ သည့် နိုင်ငံ ၂ဝ ကျော်အား အလွန်အရေးပါသည့် စစ်ရေး လေ့ကျင့်မှု အခွင့်အလမ်းများ ရရှိစေကာ နိုင်ငံစုံ လေ့ကျင့်မှု အတွင်း ပူးပေါင်းဆောင်ရွက်မှု စစ်ရေး စွမ်းရည်ကိုလည်း တိုးတက်စေမည် ဖြစ်သည်။

နေပြည်တော်တွင် ရောက်ရှိနေသော ၂၂ ဦးပါ အမေရိကန် ကိုယ်စားလှယ် အဖွဲ့မှာ လူ့အခွင့်အရေး စကားဝိုင်း ကွန်ဖရန့်တခု တက်ရောက်ရန်နှင့် အစိုးရ အရာရှိများနှင့် တွေ့ဆုံရန် လာရောက်ခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။

ကိုယ်စားလှယ် အဖွဲ့အား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner က ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အိမ်ဖြူတော် အမျိုးသား လုံခြုံရေးဌာန၊ ဒုသမ္မတရုံး၊ အမိမြေ လုံခြုံရေးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန် အေဂျင်စီနှင့် ကာကွယ်ရေးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်သည်။

ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန်-မြန်မာ လူ့အခွင့်အရေး စကားဝိုင်းကို တက်ရောက်မည် ဖြစ်ပြီး ထိုဆွေးနွေးပွဲ သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးများ တိုးတက်ရေးအတွက် အမေရိကန် အစိုးရ၏ မူဝါဒကို ထင်ဟပ်လိမ့်မည်ဟု အရာရှိများက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates