Wednesday, October 17, 2012

ABSDF ခေါင်းဆောင်ဟောင်းများ ပြည်တော်ပြန်ခရီးစဉ် သုံးသပ်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၀၃ မိနစ်

ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ အများစု မြန်မာနိုင်ငံသို့ ပြန်မလာမီတွင် မြန်မာနိုင်ငံ အနေဖြင့်
နောက်ထပ် ဒီမိုကရေစီအရေး တွန်းအားပေးမှုများ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဖြစ်ခဲ့သူ အသက် ၆၃ နှစ် အရွယ်ရှိ ဦးထွန်းအောင်ကျော် က ဘန်ကောက်မြို့ ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ပြောကြားလိုက်သည်။

ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးမူးသာ၊ ဦးကိုကိုလေးတို့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးမစ်ရှင်နှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇနဟိုတယ်တွင် သြဂုတ်လ ၆ ရက်နေ့၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ပြန်လည် လာရောက်ခဲ့သည့် ဦးထွန်းအောင်ကျော်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ သူနှင့် သူ့အဖွဲ့၏ သဘောထားအမြင်များအား တနင်္လာနေ့က ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် အမေရိကန် နိုင်ငံသားဖြစ်နေသည့် ဦးထွန်းအောင်ကျော်က တိုင်းရင်းသား အင်အားစုများ အားလုံးနှင့် မြန်မာစစ်ဘက်၊ အစိုးရတို့အကြား ပြန်လည် စည်းလုံး ညီညွတ်မှု မရရှိသေးသရွေ့
မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါမျှ တည်ငြိမ်လိမ့်မည် မဟုတ်ဟု ဆိုသည်။

“တိုင်းရင်းသားမျိုးစုံရဲ့ ခေါင်းဆောင်တွေနဲ့ ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေမှာ သူတို့က သူတို့ လူမျိုးစုတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရရှိလိုကြောင်း ဆန္ဒပြုကြပါတယ်။ ကျနော်တို့ အနေနဲ့ လေ့လာတွေ့ရှိခဲ့တာက …ဥပမာ အားဖြင့် ရှမ်းနဲ့ ကချင်တွေဆိုရင် ပြည်ထောင်စုထဲမှာ ပါဝင်လိုကြပါတယ်။ လွတ်လွတ်လပ်လပ် သီးခြားခွဲထွက်ချင်တာမျိုး မဟုတ်ပါဘူး။ တိုင်းရင်းသား အဖွဲ့တွေ လိုချင်တာက မျှတတဲ့ အခွင့်အရေးတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ” ဟု နယူးယောက်မြို့ Cornell တက္ကသိုလ် ကျောင်းသားဟောင်း ဦးထွန်းအောင်ကျော် က ဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် အင်္ဂါနေ့က ဖော်ပြထားသည်။

ယခုအခါတွင် အမေရိကန် စီးပွါးရေး လုပ်ငန်းရှင် တဦး ဖြစ်နေပြီ ဖြစ်သည့် အသက် ၄၈ နှစ်အရွယ် ကိုမူးသာက မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆန်သော တိုးတက်မှုများ ဆက်လက်တိုးတက်ဖြစ်ပွါး
နိုင်ရန်အတွက် လူ့အဖွဲ့အစည်းအတွင်းတွင် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း ပြောသည်။

“အစိုးရအနေနဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေဆဲသာ ရှိသေးပါတယ်။ တကယ်လို့
မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် တိုးတက်မှုတွေ ရရှိဖို့ဆိုရင် နိုင်ငံအတွင်းမှာ စိတ်နေသဘောထားတွေ
ပြောင်းလဲဖို့ လိုပါတယ်။ နောက်ပြီးတော့ ရေဆိုးစွန့်ထုတ်စနစ်နဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အလျင်အမြန် တိုးတက် ပြောင်းလဲဖို့ လိုအပ်နေပါတယ်” ဟု အမေရိကန် နိုင်ငံသား ဖြစ်သည့် ကိုမူးသာ က ဆိုသည်။

ကမ္ဘာအရပ်ရပ်ရှိ ပြည်ပရောက် မြန်မာ ၆ သန်းအား အမိနိုင်ငံသို့ ပြန်၍ ဖွံ့ဖြိုးရေးတွင် ပါဝင်ကူညီ လုပ်ဆောင်ရန်လည်း ၎င်းတို့အစုက တိုက်တွန်းသည်။

“မြန်မာနိုင်ငံ အနေနဲ့ ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်သူတွေ လိုအပ်နေပြီး အဲဒီ့ လိုအပ်ချက်ကို
ပြင်ပရောက် မြန်မာတွေက အလွယ်တကူ ဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။ ဗျူရိုကရေစီ စနစ်က အလွန်အားနည်းပြီးတော့ ကဏ္ဍတိုင်းမှာ မကျွမ်းကျင်သူတွေပဲ ရှိပါတယ်။ ပြည်ပရောက် မြန်မာတွေ
ပြန်လာစေရေး အားပေးဖို့အတွက် အစိုးရ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို အရင်ဆုံး ထုတ်ရပါမယ်” ဟု ဦးထွန်းအောင်ကျော် က ပြောသည်။

ABSDF ၏ ပြန်ကြားရေး တာဝန်ခံဟောင်း ဖြစ်ခဲ့ဖူးသူ ဦးကိုလေး ကလည်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိက အတားအဆီးမှာ အခြေခံ ဥပဒေတွင် ရှိနေသည်ဟု ဆိုသည်။

“ဒါပေမယ့် အစိုးရ အနေနဲ့ အခြေခံဥပဒေ ပြုပြင်ရေး အပြင် တခြားလုပ်နိုင်တဲ့ ဟာလည်း ရှိပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ တခြားကဏ္ဍတွေမှာ ဒီမိုကရက်တစ် ပြုပြင်
ပြောင်းလဲရေးတွေ နောက်ထပ် ဖြစ်ပေါ်လာဖို့ အတွက် တွန်းအားပေး လုပ်ဆောင်နိုင်ပါတယ်” ဟု အမေရိကန် နိုင်ငံသားဖြစ်သူ ဦးကိုလေး က ဆိုသည်။

၎င်းတို့အစုက သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့စဉ် ဦးအောင်မင်း က ကချင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သတ်၍ အပြုသဘောဆောင်သော သတင်းကောင်းများ ထွက်ပေါ်လာလိမ့်မည်ဟု ဆိုခဲ့ကြောင်းလည်း ပြောပြကြသည်။ 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ရိုဟင်ဂျာ နှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခနှင့် ပတ်သတ်၍မူ ဘာသာရေးနှင့် လူမျိုးရေး လက္ခဏာများနှင့် ပတ်သတ်သော အငြင်းပွါးဖွယ်ရာများ ပါဝင်နေသောကြောင့်ဟု ဆိုကာ ၎င်းတို့အနေဖြင့် ထင်မြင်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။

“ဒီကိစ္စကို ဘယ်လို ပုံဖော်ကြမလဲ ဆိုတာက နိုင်ငံထဲမှာ ရှိတဲ့ လူအများစုပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ အနေနဲ့ အဲဒီ့အကြောင်း မပြောနိုင်ပါဘူး။ အဲဒါဟာ ရှုတ်ထွေးပြီး သိမ်မွေ့ပါတယ်” ဟု ဦးထွန်းအောင်ကျော် က ဆိုသည်။

ဒုက္ခအပေးဆုံး ပြဿနာများ အနက် တခုသော ပြဿနာမှာ စီးပွါးရေးနှင့် ပတ်သတ်နေကြောင်းကို “စိတ်ပူစရာ အကောင်းဆုံးကတော့ စက်မှုဇုန်တွေမှာ မြေယာသိမ်းတဲ့ ကိစ္စနဲ့ ပင်လယ်ကမ်းခြေက လုပ်ငန်းတွေမှာ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် (crony) တွေက ထိန်းချုပ်ထားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေး မစ်ရှင်အဖြစ် မိခင်တိုင်းပြည်သို့ ၂၄ နှစ်ကြာအတွင်း ပထမဆုံးသွားရောက်ခဲ့သည့် ဦးထွန်းအောင်ကျော် က သုံးသပ်ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates