Thursday, October 11, 2012

မြန်မာ့အကြွေးများ ဂျပန် ကူရှင်းပေးမည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ၏ အကြီးဆုံး မြီရှင်ကြီးများ ဖြစ်ကြသည့် ဂျပန်၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ် ADB တို့က ၎င်းတို့ ရရန်ရှိသည့် အကြွေးများကို လာမည့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရှင်းလင်းမည်ဟု သိရသည်။

ဧပြီလအတွင်းက သမ္မတ ဦးသိန်းစိန် တိုကျိုမြို့သို့ လာရောက်ဆွေးနွေးစဉ်ကလည်း ဂျပန်နိုင်ငံက မြန်မာမှ ရရန်ရှိ သည့် ကြွေးမြီများထဲမှ ဒေါ်လာသန်းပေါင်း ၃,၇၀၀ ကို လျှော်ပေးခဲ့ပြီးနောက် ကျန်ရှိ
နေသေးသည့် ဒေါ်လာသန်း ၁ဝ,ဝဝဝ ထဲမှ သန်းပေါင်း ၆,၄ဝဝ ကိုလည်း နောက်နှစ် ဇန်နဝါရီမှ စတင်ကာ လျှော်ပစ်ပြီးနောက် ချေးငွေများ ပြန်လည်ချပေးမည်ဟု သိရသည်။

ထို့ပြင် အစိုးရနှင့် ချိတ်ဆက်မှုရှိသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဂျပန်ဘဏ်က ရေတို
ချေးငွေအဖြစ် မြန်မာ ကို ဒေါ်လာသန်း ၉ဝဝ ပေးမည်ဖြစ်ကာ ထိုငွေဖြင့် ADB ကို ပေးရန်ရှိသည့် သန်း ၅ဝဝ နှင့် ကမ္ဘာ့ဘဏ်ကို ပေးရန်ရှိ သည့် သန်း ၄ဝဝ ကို ပေးဆပ်နိုင်ကာ ထိုဘဏ်နှစ်ခုမှ ကြွေးစာရင်းများ ရှင်းလင်းသွားပြီး “မြန်မာနိုင်ငံကို (ဖွံ့ဖြိုးရေး) အကူအညီတွေ ပြည့်ပြည့်ဝဝ ပြန်ပေးဖို့အတွက် လမ်းခင်းပေးပါလိမ့်မယ်” ဟု ဂျပန် ဘဏ္ဍာရေး ဝန်ကြီး Koriki Jojima က ပြောကြားလိုက်သည်။

တိုကျိုမြို့တွင် ကမ္ဘာ့ဘဏ်၊ ADB နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် ကြာသပတေးနေ့က
တွေ့ဆုံပြီးနောက် သတင်းထောက်များအား ဂျပန်ဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဂျပန်က လျှော်ပစ်မည့် အကြွေးများကိုမူ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီနှင့် ဧပြီလတို့တွင် နှစ်ရစ်ခွဲ၍ လျှော်ပေးဖွယ် ရှိကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates