Thursday, October 11, 2012

ကိုရီးယားနှင့် မြန်မာ စွမ်းအင်ကဏ္ဍ သဘောတူ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၅၆ မိနစ်

မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် Lee Myung-Bak တို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အိမ်တော်ပြာ Blue House တွင် အင်္ဂါနေ့က တွေ့ဆုံ
ဆွေးနွေးခဲ့ကြပြီး စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဓါတ်ငွေ့လုပ်ငန်းနှင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

ဖွံ့ဖြိုးရေး အကူအညီ စာချုပ်တခု ချုပ်ဆိုခဲ့ကြပြီး ပညာရှင်များ ပါဝင်သည့် စီးပွါးရေး ဖွံ့ဖြိုးမှုဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သတ်၍  မြန်မာနိုင်ငံအား အကူအညီပေးရန် တောင်ကိုရီးယားနိုင်ငံက ကတိပေးခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် တနလာင်္နေ့က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွါးရေး လုပ်ငန်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ကိုရီယား စီးပွါးရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း လေးလေးနက်နက် ဖော်ပြခဲ့ကြပြီး အထူးသဖြင့် အထည်ချုပ် လုပ်ငန်းတွင် စိတ်ဝင်စားသည်ဟု ဆိုကြသည်။

“ယခုလောလောဆယ် အချိန်မှာ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွါးရေးတွေ တိုးတက် ပြောင်းလဲလာတဲ့
အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အခွင့်အလမ်းတွေနဲ့ အတူ စိန်ခေါ်မှုတွေပါ ရှိလာပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ထိထိရောက်ရောက် အသုံးချဖို့ ပြင်ဆင်ထားသင့်ပါတယ်” ဟု ဦးသိန်းစိန် က ပြောကြားခဲ့ကြောင်း သတင်းဌာနများက ဆိုသည်။ ပြီးခဲ့သည့် လများအတွင်း အမေရိကန်နှင့် အခြားနိုင်ငံများသည် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုံ့ပြန်
သည့် အနေဖြင့် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှု အများစုကို ဖျက်သိမ်းပေးခဲ့သဖြင့်
မြန်မာနိုင်ငံ၏ နှေးကွေး ထိုင်းမှိုင်းနေသော စီးပွါးရေးကို ပြန်လည် မြှင့်တင်ပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် လမ်းပွင့်လာခဲ့သည်။  

လွန်ခဲ့သည့် အပတ်က တောင်ကိုရီးယား စီးပွါးရေး လုပ်ငန်းများသည် ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင် ၅၀၀ မီဂါဝပ် လျှပ်စစ်ဓါတ်အားပေး စက်ရုံတရုံ နှင့် လျှပ်စစ် ဖြန့်ဖြူးရေး ကွန်ယက်ကို ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့သဖြင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု
ပြဿနာကို ဖြေရှင်းရန် ခြေလှမ်း တရပ် ဖြစ်လာပေမည်။

သို့ရာတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရန် စိတ်အား ထက်သန်
နေသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် တရပ် ပေါ်ထွက်လာရန် ရုန်းကန်ဆောင်ရွက်
နေရဆဲဖြစ်သည်။ နိုင်ငံခြား စီးပွါးရေး လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် စဉ်းစားရသည့်အပြင် အခြားတဘက်တွင်လည်း ပြည်တွင်းစီးပွါးရေး လုပ်ငန်းများ အနေဖြင့် စီးပွါးရေး ဖွံ့ဖြိုးကြီးထွားလာမှုနှင့် အတူ ဘေးရောက်သွားမည်ကို စိုးရိမ်စိတ်များ ရှိနေကြသဖြင့် ချိန်ညှိနေရသောကြောင့် နှောင့်နှေးနေရခြင်း
ဖြစ်သည်။ 

၂၀၀၅ ခုနှစ်က စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တောင်ကိုရီးယား နိုင်ငံသည်
မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သော ဖွံ့ဖြိုးရေး အကူအညီများကို ရပ်ဆိုင်းခဲ့ပြီး ယခုအခါတွင် ထိုအကူအညီများ ပြန်လည် စတင်တော့မည် ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပေါင်းကူးဆက်သွယ် ပေးရန် ကြိုးပမ်းနေသည့် နိုင်ငံတခုဖြစ်ပြီး ဖွံ့ဖြိုးရေး အတွေ့အကြုံများအား မျှဝေလျက် ရှိသည်။   

တောင်ကိုရီးယား လီမြောင်ဘက် ကလည်း မြောက်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်
ပြောင်းလဲမှုများအား အတုယူရန် မကြာခဏ ကိုးကားပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံနေကြသည့် နိုင်ငံများထဲတွင် တောင်ကိုရီးယား နိုင်ငံလည်း ပါဝင်သည်။ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင်လည်း များစွာ ရင်းနှီးမြှုပ်နှံထားပြီး သဘာဝ အရင်းအမြစ် စူးစမ်းရှာဖွေရေး၊ သတ္ထုတွင်း၊ စွမ်းအင် သန့်စင်ရေး၊ သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်သည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တခု တည်ဆောက်ရေး၊ နည်းပညာ ကဏ္ဍနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍများတွင် ပါဝင် လုပ်ဆောင်နေသည်။

ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်းသည် အကြီးစား သဘာဝဓါတ်ငွေ့ စီမံကိန်းဖြစ်ကာ တောင်ကိုရီးယားမှ ဒေဝူး
ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းပါဝင်ပြီး ကိုရီးယား သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း (KOGAS)၊ အိန္ဒိယမှ ONGC Videsh လိမိတက် နှင့် GAIL လိမိတက် တို့အပြင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့မှ ဖက်စပ်လုပ်ကိုင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

ဒေဝူးအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ် ကတည်းက သဘာဝဓါတ်ငွေ့ ရှာဖွေ လုပ်ကိုင်နေခြင်းဖြစ်ပြီး
ရွှေသဘာဝဓါတ်ငွေ့ နယ်မြေအား ဘင်္ဂလားပင်လယ်အော်တွင် ၂၀၀၄ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရွှေ သဘာဝဓါတ်ငွေ့များအား ၁,၂၀၀ ကီလိုမီတာ ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံ၊ ယူနန်သို့ ပို့ဆောင်မည် ဖြစ်ကာ ဒေဝူးကုမ္ပဏီ ဦးဆောင်သည့် စီးပွါးရေးလုပ်ငန်းများနှင့် တွဲဘက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းအား ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်ဟု သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံအတွင်း စတုတ္ထ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ဇူလိုင်လ အထိ အမေရိကန် ဒေါ်လာ ၂.၉၅၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ မြန်မာ့
ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍအနေဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း စီမံကိန်း ၁၁၃ ခုတွင် အမေရိကန် ဒေါ်လာ ၁၄.၁၈၁ ဘီလီယံ အထိ
ရောက်ရှိခဲ့သည်။  

လီမြောင်ဘက် မှာ နှစ်ပေါင်း ၃၀ ခန့်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သည့် တောင်ကိုရီးယား သမ္မတ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates