Wednesday, September 12, 2012

မုံရွာ မြို့မ ဘုန်ကြီးကျောင်း ဖိအားပေးခံရ

နေမျိုး၊ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူများအား မြို့မကျောင်းဘုန်းကြီးမှ လက်ခံခြင်း မပြုရန်နှင့် ပြန်လည် နှင်ထုတ်ပေးရန် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၁ ရဲစခန်းမှူးနှင့် သံဃာ့မဟာနာယမှ မြို့မကျောင်းအား လာရောက် ဖိအားပေးခဲ့ကြောင်း မုံရွာ ဗကသ ခေါင်းဆောင် ကိုနွေဦးကို က ပြောသည်။

“ဘုန်းကြီးကျောင်းကို သူတို့အာဏာပိုင် အဖွဲ့အစည်းတွေ၊ အမှတ် ၁ ရဲစခန်းက သုံးပွင့် ရဲမှူးကြီး ဦးကြူအင်း ပါတယ်။ သံဃာ့မဟာနာယက အဖွဲ့က ဘုန်းကြီးလည်း ပါတယ်။ မြို့မကျောင်းကို လာပြီး ကျောင်းကနေ ထွက်ပေးဖို့၊ နှင်ခိုင်းတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် စက်တင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြပွဲမှ အဖမ်းခံရပြီး ရိုက်နှက်ခံရကာ ပြန်လွတ်လာသည့် ဝက်မှေးကျေးရွာသူ လူမမာများ၊ ကျောင်းသားများ၊
ထောက်ခံအားပေးကြသူများ ရှိနေ၍ ယခုကဲ့သို့ လာရောက်ဖိအားပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရဲနှိပ်စက်တာ ခံလိုက်ရတဲ့ ၀က်မှေးကျေးရွာသူဟာ ကျန်းမာရေးစိုးရိမ်ရတယ်။ ခဏခဏ တက်တက်နေတယ်ဗျ။ ကျနော်တို့တော့ ထွက်မပေးသေးဘူး။ ၈၈ ကျောင်းသားတွေလာမှ ထွက်ပေးမယ်” ဟု ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသးခေါးဆောင်များ ယနေ့ညနေပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိနိုင်ဖွယ်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းကြီးကျောင်း ပါတ်ဝန်းကျင် ၀င်ပေါက်ထွက်ပေါက်များအား ပိတ်ဆို့ထားပြီး ကျောင်းပေါက်တည့်တည့် တွင်လည်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates