Wednesday, September 12, 2012

မိုးထိ မိုးမိ ရွှေတူးလုပ်သားများအား မိုင်းမြို့ငယ်သို့ ပြောင်းရွှေ့ နေရာပေးမည်

နေလင်းအောင်၊ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၃၇ မိနစ်

ရမည်းသင်း (မဇ္ဈိမ) ။        ။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်တွင် ဆောင်ရွက်နေသော မိုးထိမိုးမိဒေသ ရွှေတူးဖေါ်ရေး လုပ်ငန်းအတွင်း အလုပ်လုပ်နေသူများ တစုတဝေးတည် နေထိုင်နိုင်ရန် အတွက် မြို့သစ် မိုင်းမြို့ငယ် သို့ ယခုနှစ်ကုန်တွင် ပြောင်းရွှေးပေးသွားမည် ဖြစ်ကြောင်း ရွှေတူးဖေါ်ရေးကို ဦးဆောင်လုပ်ကိုင်နေ သည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ကဆိုသည်။

လက်ရှိမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက်ချက်ရှိသည့် ကုမ္ပဏီ ၂၃ ခု မှ အလုပ်သမားများနှင့် ဈေးရောင်းသူများ အပါ အ၀င်စုစုပေါင်း ၈၈၀၀ ကျော် သည် လုပ်ကွက် အလိုက် နီးစပ် ဧရိယာအတွင်းပျံ့ကျဲစွာနေထိုင်လျက်ရှိသည်။

ယင်းမိုင်းတွင်းသည် တပ်ကုန်း-ရမည်းသင်း ကားလမ်းဘေးရှိ သာယာအေး ကျေးရွာမှ တောင်ပေါ် ၈ ဒဿမ ၅ မိုင်အကွာတွင် ရှိပြီး အလုပ်သမားများတစုတဝေး တည်းနေနိုင်ရန်အတွက် ကုမ္ပဏီမှ ကျပ် သိန်းပေါင်း ၅၀၀၀ခန့် အကုန်ကျခံတည်ဆောက်သွားမည် ဖြစ်သည်။

တည်ဆောက်လျှက်ရှိသော မိုင်းမြို့ငယ်သည်  အကျယ်အ၀န်း ၁၂၂ ဧက ရှိပြီး ရဲစခန်း၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ အပန်းဖြေစခန်းငယ်များ ပါဝင်သည်။

“ဒီ စီမံကိန်းကို သြဂုတ်လမှာ  စတင်တည်ဆောက်နေတာပါ။ ဒီဇင်ဘာလ တစ်ရက်နေ့မှာ စတင်ပြောင်းရွှေနိုင်အောင် တည်ဆောက်နေပါတယ်။ အခုလောလောဆယ် လူနေထိုင်ဖို့
အဆောက်အဦး ငါးလုံးကို စတင် ဆောက်နေတယ်” ဟုအဆိုပါ ကုမ္ပဏီ စီမံကိန်းညွှန်ကြားရေးမှူး ဦးထွန်းအောင်စိုးက  ပြောသည်။

မိုင်းလုပ်သားများလုပ်ငန်းခွင် ၀င်ရောက်သည့် ဧရိယာနှင့် နေထိုင်သည့်ဧရိယာသီးခြား ဖြစ်စေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

“ဒီမိုင်းမြို့ငယ်မှာ ကျွန်တော်တို့ ပင်မ ကုမ္ပဏီက ၀န်ထမ်းတွေရော အကျိုးတူ ကုမ္ပဏီတွေက လုပ်သားတွေနဲ့ ဈေးရောင်းချသူ တွေနေထိုင်မယ်။ လုပ်သားတွေအတွက် အိမ်ခြေ သုံးထောင်ပါမယ်။ လူပျို၊ လူလွတ်တွေအတွက် ဘားတိုက်တွေလည်း တည်ဆောက် သွားမယ်။ နိုင်ငံတာက မိုင်းတွေလုပ်ငန်းတွေလိုပဲ နေထိုင်ရေးကိုစီစဉ်ပေးတာပါ။ နမ္မတူ ဘော်တွင်းမှာလည်း ဒီလိုပါပဲ” ဟု ဦးထွန်းအောင်စိုးက ပြောသည်။

ကုမ္ပဏီမှ ဆောင်ရွက်နေသော  မိုးထိ မိုးမိဒေသ ရွှေတူးဖေါ်ရေးလုပ်ငန်းသည် ၅,၁၀၅ ဧက အကျယ်အ၀န်းရှိသည်။

အဆိုပါ ဧရိယာအတွင်းတွင် အခြားနေထိုင်လိုသူများ၊ ဈေးရောင်းချသူများနှင့် မိုင်းနယ်မြေအတွင်း ဆိုင်ကယ် ကယ်ရီဆွဲလိုသူများပါ နေထိုင်နိုင်ပြီး လာရောက်၍ နေထိုင်သူများ သင့်တော်သော ဈေးနှုန်းဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်းလည်း ဦးထွန်းအောင်စိုးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် သစ်တော ဌာနတို့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ကြိုးပြင်သစ်တောအတွင်း တည်ဆောက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းမိုင်းလုပ်ငန်းအတွင်း လုပ်ငန်းလုပ်ကိုင်နေကြသူများတွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ၀န်ထမ်းအင်အား ၂၀၀၀ ခန့်၊ မိတ်ဖက်ကုမ္ပဏီများမှာ အင်းပိုင်ရှင်များ၊ အင်းသားများ ၈၀၀၀ ကျော်နှင့် ဈေးရောင်းချသူ ၂၈၀ ကျော်ရှိပြီး ရှမ်း၊ ပအိုဝ့်၊ ကချင်၊ ၀ ရခိုင်နှင့် ဗမာ တိုင်းရင်းသားများ ဖြစ်ကြောင်းနှင့် ယင်းတို့တွင် ရမည်းသင်းဒေသခံတစ်ထောင်ကျော်ပါဝင် လုပ်ကိုင်နေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

အဆိုပါ အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖေါ်ထုတ်လုပ်မှု အုပ်စု လီမိတက်မှ
ဆောင်ရွက်နေသော ရွှေတူးဖေါ်မှုလုပ်ငန်းသည် ၂၀၁၁ ခုနှစ် အောင်တိုဘာတွင် စတင်ခဲ့သည့် ငါးနှစ်စီမံကိန်းဖြစ် သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates