မင်းမင်း၊ စနေနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၃၁ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ပုသိမ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ငွေကြေးထောက်ပံ့မှု
ပေးအပ်ကူညီနိုင်ရန် အဆိုတော် ရင်ဂို ဦးဆောင်၍ ဂီတ ရန်ပုံငွေပွဲတခု တနင်္ဂနွေနေ့ ပုသိမ်မြို့ မန်းဆန်သူ လဘ္ဘက်ရည်ဆိုင်တွင် ပြုလုပ်မည်ဟု ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုးက ပုသိမ်မြို့ပေါ်ရှိ ရေဘေးဒုက္ခသည်များကို အဓိကထား ကူညီသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။ "အဓိက ကတော့ ကျနော်တို့ဆိုင်ကို အကူအညီတောင်းပြီးတော့ ဒီပွဲကို ရုတ်တရက် စီစဉ်ဖြစ်တာပါ။ လှူမှာကတော့ ရတဲ့ငွေပေါ်ကြည့်ပြီးတော့ လှူသွားမှာပါ။" ဟု ဆိုသည်။
အဆိုပါ ဂီတ ရန်ပုံငွေပွဲတွင် လက်မှတ်များ ရောင်းချသွားမည်မဟုတ်ဘဲ ဆိုင်သို့ သွားရောက် အားပေးသူများထံမှ အလှူငွေ ကောက်ခံသွားမည်ဖြစ်သည်။ ဂီတ ရံပုံငွေပွဲကို အဆိုတော်ရင်ဂို အပါအဝင် အခြားအဆိုတော် ၁၀ ဦးလည်း သွားရောက် ဖျော်ဖြေရန်ရှိပြီး နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဖျော်ဖြေကြမည်ဖြစ်သည်။
သြဂုတ်လ ပထမပတ်မှ တတိယပတ်အထိ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ရပ်ကွက် ၁၄ ခုရှိသည့်အနက် ရပ်ကွက် ၁၃ ခုမှ ရေဝင်ရောက်မှုများကြောင့် ဒေသခံတို့မှာ စားစရာနှင့် နေစရာ အခက်အခဲများနှင့် ကြုံခဲ့ကြရသည်။
ရှစ်နှစ်အတွင်း အဆိုးရွားဆုံးဖြစ်သော ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတခုတည်းတွင်ပင် လယ်မြေဧက ၂၇၀,၀၀၀ ကျော်၊ ပဲခူတိုင်းတွင် ၁၇၀,၀၀၀ တို့ရေလွှမ်းခံရပြီး စုစုပေါင်းလယ်မြေဧက ၆၀၀,၀၀၀ ကျော်ပျက်စီးခဲ့သည်ဟု ဆန်စပါး အသင်း၏ သြဂုတ်လအတွင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။