Thursday, September 20, 2012

ရန်ကုန်နှင့် အင်းလေးဒေသတွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်မည်

တင်ဇာအောင် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ လာမည့် ဘဏ္ဍာနှစ်အတွင်း ပိုမိုဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များကို ကျေပွန်စွာ ဧည့်ခံနိုင်ရန် မျှော်မှန်း၍ ရန်ကုန်နှင့် ရှမ်းပြည်နယ် အင်းလေး ဒေသတို့ တွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်သွား မည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ မြေဧက ၈ဝဝ နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရှိ အင်ကြင်းကုန်းရှိ ၆၂၂ ဧက အကျယ်တွင် ဆောင်ရွက်သွားရန် လျာထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က ပြောသည်။

“ဟိုတယ်ဇုန် ဖော်ထုတ်ရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း လက်ခံသွားမှာပါ။ အင်းလေး ဟိုတယ်ဇုန်မှာ ရှမ်းပြည်နယ် အစိုးရက သုံးမျိုးလောက်တော့ ရည်ရွယ်တယ်။ တမျိုးက
ဒေသခံတွေဘက်က ဆောက်နိုင်လောက်တဲ့ အတိုင်းအတာ ဒေသပုံစံနဲ့ ကိုက်ညီတဲ့ပုံမျိုးတွေ၊
နောက်တမျိုးက ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ ဆောက်လုပ် မယ့် ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တွေပါ။ နောက်တမျိုးကတော့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ရှိတဲ့ ဟိုတယ် အကြီးတွေလည်း ရှိသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် ဖော်ထုတ်မည့် ဇုန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက် ရရှိပြီးဖြစ်ကာ ပြည်တွင်း ရင်းနှီးမြှပ်နှံမှုသာမက၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) အတွင်းရေးမှူး ဦးသီဟအောင် က ပြောသည်။

“ဟိုတယ်ဇုန်က ရန်ကုန်နဲ့ ပဲခူးကြားမှာ ဖြစ်တဲ့အတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့လည်း နီးတယ်။ ဟိုတယ်ဇုန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ဆိုရင် အရင်းနှီးများများနဲ့ မြန်မြန် လုပ်နိုင်မယ့်သူတွေ ရှိရင်လည်း လုပ်နိုင်မှာပါ။ အလတ်စားတွေကတော့ ချက်ချင်းကြီး မလုပ်နိုင်လောက်ဘူး ထင်တယ်။ ၂ဝ၁၃ လောက်မှာ ချက်ချင်း အကောင် အထည် ဖော်မဖော် ဆိုတာတော့ ပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်ဇုန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ကျပြီးနောက် သမ္မတ ရုံးသို့ တင်ထားဆဲ
ဖြစ်ကြောင်း ဦးသီဟအောင် က ပြောဆိုပြီး နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်လာနိုင်မှုနှင့် ပတ်သက်၍လည်း “ဝန်ကြီး မှန်းထားတာက အခုနှစ်အတွက် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုက ခြောက်သိန်းဖြစ်တယ်။ အခု(စက်တင်ဘာလ) ထိကို ငါးသိန်းခွဲ ရှိပြီ။ လျာထားချက်ထက် ပိုနိုင်တယ်လို့ ထင်တယ်” ဟု ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates