Friday, September 14, 2012

နည်းပြ ဂျိုးဇက်ရီဟာဂျယ်နှင့် ဧရာဝတီယူနိုက်တက်တို့လမ်းခွဲ

လင်းကိုကိုထက် | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားတွင် အဆင့် ၅ နေရာသာရရှိခဲ့သော ဧရာဝတီအသင်းကို ကိုင်တွယ်နေသည့် ဆလိုဗက်ကီးယားနိုင်ငံသား နည်းပြချုပ် ဂျိုးဇက်ရီဟာဂျယ်နှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ လမ်းခွဲလိုက်ပြီ ဖြစ်သည်။

“ရီဟာဂျယ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို အသင်းတာဝန်ရှိသူတွေအနေနဲ့ အားရကျေနပ်မှု သိပ်မရှိခဲ့ ပါဘူး။ ဒါကြောင့်မို့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ အောက်တိုဘာလမှာမှ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း အဲဒီတစ်လကို စောင့်မနေတော့ဘဲ သူနဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက် တာပါ”ဟု ဧရာဝတီ အသင်း၏ မီဒီယာတာဝန်ခံ ကိုအောင်ကျော်ကျော်က မဇ္ဈိမ ကိုပြောသည်။

ဧရာဝတီအသင်းသည် သူ၏နည်းပြချုပ်ဖြစ်သူ ဂျိုးဇက်ရီဟာဂျယ်ကို ၂ဝ၁၁ ခုနှစ် ရာသီအစ မှစတင်၍ ခန့်အပ်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန် ၂ နှစ်အကြာတွင် လမ်းခွဲရန်ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နည်းပြချုပ် ရီဟာဂျယ် အနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်း တလ ကျန်ရှိနေသေးသော်လည်း အသင်းက အဆိုပါလစာငွေကိုပေးချေခဲ့ပြီး လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လစာငွေမည်မျှ ပေးသည်ကိုမူ အသင်းက ထုတ်ပြန်ရန် ငြင်းဆိုသည်။

နည်းပြချုပ် ရီဟာဂျယ်သည် ၂ဝ၁၁ တွင် အသင်းကိုရှုံးပွဲမရှိ စံချိန်ဖြင့် ဒုတိယနေရာ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး AFC ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၁ခုနှစ်၏ ကွန်မြူနတီဒိုင်း ချန်ပီယံဆုကိုလည်း ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော် ယခုနှစ် ဘောလုံးရာသီအတွင်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းပေါင်း ၁၄ သင်းရှိသည့်အနက် အဆင့် ၅ သာ ချိတ်ပြီး နည်းစနစ်ပိုင်းနှင့် စွမ်းဆောင်ရည်ပိုင်းကို ကျေနပ်အားရမှု မရှိခြင်းကြောင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဟုလည်း ကိုအောင်ကျော်ကျော်က ပြောသည်။

ရီဟာဂျယ်အနေဖြင့် ဧရာဝတီအသင်းကို ကိုင်တွယ်ခဲ့သည့် ကာလအတွင်းတွင် ၎င်းနှင့်နိုင်ငံတူ ဆလိုဗက်ကီးယား နိုင်ငံသား ကွင်းလယ် ကစားသမား မီရို ကိုခေါ်ယူအသုံးပြုခဲ့ပြီး အသင်းအတွက် အားထားရသော ကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့သည်။

ဧရာဝတီအသင်းအနေဖြင့် ဂျိုးဆက်ရီဟာဂျယ်၏ နေရာတွင် အသင်း၏ကြံ့ခိုင်ရေးနည်းပြ မာယန်ကို ယာယီခန့်ထား မည်ဖြစ်ပြီး MFF ရှုံးထွက်ဖလားပွဲစဉ်များ ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်သည်။ မက်ဆီဒိုးနီးယားနိုင်ငံသား မာယန် အနေဖြင့် အဆိုပါပြိုင်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပါက အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမည်
ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates