သိင်္ဂီထွန်း၊ မင်းမင်း | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံတကာနှင့် ဆက်ဆံရေး၊ အခြား နိုင်ငံရေး ပါတီများနှင့် ဆက်သွယ်ရေးတို့ လွယ်ကူရန်အပြင် ရန်ကုန်မြို့တွင် ပါတီဝင်သစ်များ စုဆောင်းရန် ရည်ရွယ်လျက် မွန်ဒီမိုကရေစီပါတီသည် ရန်ကုန်မြို့တွင် အောက်တိုဘာလအတွင်း ရုံးခွဲဖွင့်လှစ်မည် ဖြစ်သည်။
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အထက်ဗိုလ်တထောင် ဘုရားလမ်းတွင် ဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ ဒု-ဥက္ကဋ္ဌ
နိုင်သက်လွင်နှင့် ရန်ကုန်မြို့ရှိ မွန်ဒီမိုကရေစီသို့ ဝင်ရောက်ရန် စိတ်ဝင်စားသူများ စက်တင်ဘာလ ၁၂ ရက်နေ့က ဆွေးနွေးခဲ့ပြီး ထိုအစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပါတီဌာနချုပ်ရုံးကိုမူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖွင့်လှစ်ထားပြီး လက်ရှိတွင် ပါတီဝင်အင်အား လေးထောင်ကျော် ရှိနေသည်။
ရန်ကုန်တိုင်းအတွင်း မွန်တိုင်းရင်းသားလူမျိုးများ တသိန်းခန့် နေထိုင်လျက် ရှိကြောင်းလည်း မွန်ပါတီများက ပြောဆိုထားကြသည်။
မွန်ဒီမိုကရေစီပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်ဒီမိုကရေစီအဖွဲ့အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ငါးနေရာ အနိုင်ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပါတီ ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပါတီကိုလည်း ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရက ဖျက်သိမ်းပစ်ခဲ့သည်။
၂၀၁၀ ခုနှစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်ခြင်းမပြုဘဲ ၂၀၁၁ ခုနှစ်၊ ထိုဥပဒေကို ပြင်ဆင်ပြီးနောက်တွင်မှ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ပါတီမှတ်ပုံတင်နံပါတ် ၅၇ ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပါတီအဖြစ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ပေါ်ပေါက်လာခဲ့ရာ ထိုပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ ၂၀၁၄ ခုနှစ်မတိုင်မီ ပူးပေါင်းရန် ယခုနှစ်ဧပြီအတွင်းက မော်လမြိုင်တွင် သံဃာတော်များနှင့် ပြည်သူများရှေ့တွင် သဘောတူထားခဲ့ပြီး တလတကြိမ် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟုလည်း ဦးနိုင်သက်လွင်က ပြောသည်။
“ကျနော်တို့ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို လက်ခံရင် ကြိုက်တဲ့အချိန် ပူးပေါင်းနိုင်ပါတယ်” ဟု ဆိုသည်။
ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၏ စကားလုံးတခုအား ပြင်ဆင်ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ဇိုမီးအမျိုးသားကွန်ဂရက် ZNC တို့သည်လည်း ပြန်လည် မှတ်ပုံတင်
ထားကြပြီး ဖြစ်သည်။
လွတ်လပ်ရေး မရမီ ကာလကပင် မန်းဝင်းမောင် (သမ္မတဟောင်း) တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်ပါတီ Union Karen League ကိုလည်း ပြန်လည်တည်ထောင်မည်ဟု သတင်းရရှိသည်။