Wednesday, September 12, 2012

ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးကို လူသတ်မှုဖြင့် ရဲက စွဲဆို

ရတနာဦး၊ ပန်းမြတ်ဇော် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတခုအတွက် သရုပ်ဆောင်အဖြစ်
ရွေးချယ်ထားသော အမျိုးသမီးတဦးကို အိမ်အကူ အမျိုးသမီးအား သတ်သည်ဟူသော သံသယဖြင့် ရဲက အမှုဖွင့်လိုက်သည်။

ကမာရွတ်မြို့နယ် ၁ ရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ် ရုပ်မြင်သံကြား သရုပ်ဆောင်က အိမ်အကူဖြစ်သူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးကို သတ်မှု ပုဒ်မ ၃၀၂ နှင့် နာကြင်စေမှု ပုဒ်မ ၃၂၅ တို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

“အလောင်းကို ယူပြီး စစ်ဆေးတဲ့အခါ ပုခုံးမှာ သွားကိုက်ဒဏ်ရာတွေ၊ ရင်ဘတ်နဲ့ လည်ပင်းမှာ အညိုအမဲ ဒဏ်ရာတွေ စစ်ဆေးတွေ့ရှိရတဲ့အတွက် သွေးရိုးသားရိုး သေဆုံးတာ မဟုတ်ဘူး ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက သတင်းစာဆရာများကို ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

“အိမ်ရှင်ဖြစ်သူကို ညတွင်းချင်းပဲ စစ်ဆေးတဲ့အခါ သူမက ညှဉ်းပန်းနှိပ်စက်ခဲ့လို့ အခုလို ဖြစ်ပွားရတာ
ဖြစ်တယ်လို့ ဝန်ခံခဲ့တယ်”ဟု ရဲမှူးမြင့်ထွေးက ပြောသည်။

MRTV-4 တွင် ထုတ်လွှင့်မည်ဆိုသော Flowers and Butterflies ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရန် ရွေးချယ်ခြင်းခံရသော သရုပ်ဆောင်က စက်တင်ဘာ ၈ ရက်နေ့တွင် ပုသိမ်မြို့သို့ တတိယနှစ် အင်္ဂလိပ်စာ စာတမ်းပြုစုရေးအတွက် သွားရောက်ခဲ့အပြီး နေအိမ်ခန်းသို့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြန်အရောက် အလောင်းကို တွေ့ခဲ့ကြခြင်း ဖြစ်သည်။

သေဆုံးသွားသော အိမ်အကူအမျိုးသမီးမှာ ကောင်းစွာ ကျန်းမာဟန် မရှိသည့်အတွက် အိမ်ရှင်၏ ဇာတိရပ် ပုသိမ် ခရီးစဉ်သို့ မခေါ်ဆောင်ဘဲ ချန်ထားခဲ့ခြင်းဖြစ်ပြီး ကျန် အိမ်အကူ ကလေးငယ်ကိုသာလျှင် ခေါ်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲ၏ ပဏာမ စစ်ဆေးတွေ့ရှိချက်က ဖော်ပြထားသည်။

“တခါတလေ ဆံပင်ဆွဲပြီး နံရံနဲ့တိုက်တယ်။ …စိတ်မထင်လို့ရှိရင် ပက်လက် လှန်ခိုင်းတယ်။ ဗိုက်ပေါ် တက်ခုန်တယ်” ဟု ကျန်ရစ်သော အသက် ၁၃ နှစ်အရွယ် အိမ်အကူကလေးငယ်က ထွက်ဆိုကြောင်း ရဲမှူးမြင့်ထွေးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates