Wednesday, September 12, 2012

မုံရွာတွင် တိုင်းဝန်ကြီးချုပ်နှင့် ဒီချုပ်အမတ် ဆွေးနွေး

နေမျိုး | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၆ မိနစ်   

နယူးဒေလီ (မဇ္ဈိမ) ။       ။ လတ်တလောဖြစ်ပေါ်နေသော မုံရွာမြို့ပေါ် ဆန္ဒပြမှုများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးနှင့် ပုလဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ ညှိနှိုင်းဆွေးနွေးမှုများ ယနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အနေနှင့် တိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးရာတွင် ဆန္ဒပြနေသူများ ကိုယ်စား တောင်းဆိုပေးရန် အချက်များအဖြစ် “လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စကို လွှတ်တော် ထဲမှာ ဆွေးနွေးဖို့နဲ့ ဆွေးနွေးနေစဉ် စီမံကိန်း ရပ်ဆိုင်းထားဖို့၊ ဖမ်းဆီးထားသူ အမျိုးသမီး သုံးဦးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေ သူတွေကို နောက်ဆက်တွဲ အရေးယူမှုတွေ မလုပ်ဖို့တို့ ပါဝင်ပါတယ်” ဟု မုံရွာမြို့နယ် ဗကသ ခေါင်းဆောင်တဦးဖြစ်သည့် ကိုရဲရင့်ကျော် က မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခွဲအချိန်မှစ၍ ၂ နာရီကျော်ကြာ ဦးသာအေးနှင့် ဒေါ်ခင်စန်းလှိုင်တို့
တွေ့ဆုံခဲ့ရကြောင်း မုံရွာမြို့ NLD မှ ဒေါ်သန်းဝင်းကလည်း မဇ္ဈိမကို ပြောပြသည်။

“ဟုတ်ပါတယ်။ ဒေါ်ခင်စန်းလှိုင် ရောက်လာပြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ ၃ နာရီခွဲလောက်မှာ တွေ့ပါတယ်။ ဖမ်းထား တဲ့သူတွေ လွှတ်ပေးဖို့ ပြောပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ပေးမယ်ပေါ့ဗျာ။ မသွဲ့သွဲ့ဝင်း တို့နဲ့လည်း တွေ့ခွင့်တောင်းတယ်။ ဒါလည်း တိုင်းဒေသကြီးအစိုးရနဲ့ အစည်းအဝေးထိုင်ပြီးမှ သိရမယ်ပေါ့ဗျာ။ မပြတ်မသားပါပဲ” ဟု ဆွေးနွေးပွဲ ရလဒ်ကို ပြောပြသည်။

ထို့အပြင် “စုံစမ်းရေးကော်မရှင်က မြေယာကိစ္စတွေ ဆက်လုပ်မယ်၊ လက်ပန်းတောင်းတောင် ကိစ္စလည်း ပါတယ်။ ဒေါ်ခင်စန်းလှိုင်က လွှတ်တော်ရဲ့ စုံစမ်းရေးကော်မရှင်မှာ ပါတယ်” ဟု ဒေါ်သန်းဝင်းက ဆက်ပြောပြသည်။

“ပြီးတော့ သပိတ်စခန်းဖွင့်ထားတဲ့ ကျောင်း(မြို့မကျောင်း)ထဲမှာ ဝက်မှေး ဒေသခံတွေနဲ့လည်း
တွေ့တယ်ပေါ့ဗျာ။ မနေ့က လွတ်လာတဲ့အမျိုးသမီးတွေနဲ့လည်း တွေ့ပါတယ်” ဟု ဒေါ်သန်းဝင်း က ပြန်ပြောပြသည်။

ပုလဲမြို့နယ်မှာ မုံရွာမြို့၏ အနောက်ဖက်ကမ်း ၂၉ မိုင်အကွာတွင် တည်ရှိသည်။

စက်တင်္ဘာလ ၁ဝ ရက်နေ့ကတည်းက အမျိုးသမီး ၁၂ ဦးအား ဖမ်းဆီးထားသည့်အထဲမှ အမှတ် ၁ ရဲစခန်းမှ ကိုးဦးသာ ပြန်လွှတ်ပေးသေးပြီး ထိုအထဲမှလည်း နှစ်ဦးမှာ ကျန်းမာရေး မကောင်းမွန်လှပေ။

ဆန္ဒပြမှုများကိုမူ ရပ်ဆိုင်းထားသည်ဟုလည်း ဒေါ်သန်းဝင်းနှင့် ကိုရဲရင့်ကျော်တို့ နှစ်ဦးလုံးက
ပြောဆိုသွားပြီး “ဆန္ဒပြမှုများကတော့ ဆွေးနွေးမှု ရလဒ်တွေအပေါ်မှာ မူတည်မှာပါ” ဟု ၎င်းတို့က ဆိုသည်။

ထို့ပြင် ကိုဂျင်မီ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များလည်း မုံရွာမြို့တွင်
ရောက်ရှိနေကာ နယ်ခံ ဗကသ အဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိသည်ဟု သိရသည်။

စက်တင်္ဘာလ ၉ ရက်နေ့ကလည်း မုံရွာမြို့ရှိ ကျောင်းသားအချို့၏ နေအိမ်နှင့် ကျောင်းသား အဆောင်အချို့အား အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ (SB) မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“အိမ်တွေ အဆောင်တွေမှာ လိုက်ပြီး မွှေတယ်၊ နှောက်တယ်၊ ရှာတယ်။ ကျနော်တို့ရဲ့ ကျောင်းသားသမဂ္ဂ
ဖြစ်မြောက်ရေး ကော်မတီက ဆရာကိုအောင်မြင့်ဦး ကိုလည်း SB က ခေါ်သွားတယ်။ စစ်ဆေးဖို့ ခေါ်တဲ့သဘောပဲ။ ကိုအောင်မြင့်ဦးကတော့ စက်တင်္ဘာ ၉ ရက်နေ့ ညနေ ၃ နာရီက ခေါ်သွားပြီးတော့၊ ကိုအောင်ထွန်းဦးက စက်တင်္ဘာ ၁၁ မနက် ၇ နာရီလောက်က ခေါ်ခံရတာ။ ကျနော်တို့ ကျောင်းသားတွေကိုလည်း ပုဒ်မ ၅ (ည) တပ်ထားတယ်” ဟု မုံရွာ ဗကသ ခေါင်းဆောင် ကိုနွေဦးကို က မဇ္ဈိမကို ပြောသည်။

စက်တင်္ဘာ ၁၁ ရက်နေ့တွင်ပင် မုံရွာမြို့ အမှတ် ၁ ရဲစခန်းရှေ့၌ ဗကသ ကျောင်းသားများက ဖမ်းဆီးထားသူများ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသေးသည်။

ထိုကဲ့သို့ တောင်းဆိုခဲ့ပြီး နာရီဝက်ခန့် အကြာတွင် ကိုအောင်မြင့်ဦးနှင့် ကိုအောင်ထွန်းဦး တို့နှစ်ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကိုအောင်မြင့်ဦးအား မည်သည့် အတွက်ကြောင့် ထိမ်းသိန်းခံခဲ့ရသည်ကို မသိရှိရကြောင်းနှင့် အမှတ် ၁ ရဲစခန်းရှေ့ ဆန္ဒပြပွဲများ မဖြစ်ပွားခင်ကတည်းက ထိန်းသိမ်းခြင်း ခံရကြောင်း ကိုနွေဦးကို က ဆက်ပြောသည်။

“သူတို့ကိုတော့ ၅ (ည) တပ်မတပ် မသိဘူးဗျ။ ကျောင်းသားတွေကို ၅(ည) တပ်ထားတယ်။ အတွင်းသတင်း အနေနဲ့ သိရတာ။ တရားဝင်ပုဒ်မ ထုတ်ထားတာ မတွေ့သေးဘူးဗျ” ဟု မဇ္စျိမကို ပြောကြားသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates