Wednesday, September 26, 2012

ရခိုင်အမျိုးသားကွန်ယက် ပြည်နယ် အတွက် ၃၄၈ သိန်း လှူဒါန်း

မေသဇင် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ ပြင်ဆင်ရန်နှင့် ကလေးငယ်များ အတွက် အလှူငွေ အပါအဝင် အစားအစာ၊ အဝတ်အထည်များအတွက် စုစုပေါင်းကျပ်ငွေ ၃၄၈ သိန်းကို ရခိုင်အမျိုးသားကွန်ယက်က လှူဒါန်းခဲ့သည်ဟု ကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင် က ပြောသည်။

ရခိုင်အမျိုးသားကွန်ယက်မှ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ ပြင်ဆင်ရန်နှင့် ကလေးငယ်များ အတွက် ကျပ်ငွေ ၃၄၈ သိန်း လှူဒါန်း (ဓါတ်ပုံ Citizen Journalist)

“အားလုံး ငွေသားချည်းပဲ ၁၂၈ သိန်း။ သိန်း၂ဝဝ တန်ဖိုးရှိတဲ့ ဆေးဝါး၊ အဝတ်အထည်၊ အစားအစာတွေနဲ့ အဖွဲ့က အသားတင် ယူသွားတဲ့ငွေ သိန်း၂ဝ ကို မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တွေမှာ အဓိက သုံးစွဲခဲ့တယ်” ဟု ဆိုသည်။

ကွန်ယက်အနေဖြင့် မောင်တောမြို့နယ်တွင် ပညာရေးရန်ပုံငွေ ထူထောင်၍ ကော်မတီ တရပ် ဖွဲ့စည်းနိုင်ရန် လှူဒါန်း ရန်ပုံငွေ သိန်း ၇ဝ၊ စစ်တွေ စံပြရွာ ကလေးများ အခမဲ့ ပညာသင်ကျောင်းသို့ ၁ဝ သိန်း လှူဒါန်းခဲ့သည်။ ယင်းအပြင် ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်ဒုက္ခသည် စခန်း နှစ်ခုမှ ဒုက္ခသည်များသို့လည်း တအိမ်ထောင်လျှင် ကျပ်တသောင်းနှုန်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာလလ ၇ ရက်နေ့မှ ၂ဝ ရက်နေ့အထိ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် အတွေ့အကြုံ ကိုလည်း ကိုတင်ထူးအောင်က “ရေရှည် ထူထောင်ဖို့အတွက် အစိုးရက လုံခြုံစိတ်ချရတဲ့ အခြေအနေတခု မဖန်တီး နိုင်သရွေ့ ပြန်လည်ထူထောင်ဖို့ အနည်းဆုံး ငါးနှစ်လောက် ကြာဦးမယ်လို့ ကျနော် ယူဆတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားကွန်ယက်မှ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ ပြင်ဆင်ရန်နှင့် ကလေးငယ်များ အတွက် ကျပ်ငွေ ၃၄၈ သိန်း လှူဒါန်း (ဓါတ်ပုံ Citizen Journalist)၏

ရခိုင်အမျိုးသားကွန်ယက်ကို ၂ဝ၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ ကိုယ်ထူကိုယ်ထ ထည့်ဝင်ငွေများ၊ ပြည်သူများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေကြောင်း သိရသည်။ ကွန်ယက်မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများအတွက် ကူညီပေးနိုင်ရန် သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားပြဇာတ်ရုံတွင် ဂီတရန်ပုံငွေ တခုပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခဲ့သေး သည်။

ရခိုင်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရန်၊ စာပေယဉ်ကျေးမှု သမိုင်းအမွေအနှစ်နှစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ ကျန်းမာရေး၊ ပညာရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရန်၊ လူ့အခွင့်အရေး အပြည့်အဝရရှိပြီး တရားဥပဒေစိုးမိုးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကွန်ယက်ကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates