Thursday, September 13, 2012

မြန်မာနိုင်ငံ လူနည်းစုများအရေး ဗြိတိန်ပါလီမန် ဆွေးနွေး

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်

မဇ္ဈိမသတင်းဌာန။        ။ အတိုက်အခံနှင့် မြန်မာအစိုးရ တာဝန်ရှိ ဝန်ကြီး အပါအဝင် မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူနည်းစုအရေး ပြောကြားခဲ့သည့် မိန့်ခွန်းများနှင့် စပ်လျဉ်း၍ ဗြိတိသျှ ပါလီမန်အမတ်များက အင်္ဂါနေ့တွင် အချေအတင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အချေအတင်ဆွေးနွေးပွဲမှာ တနာရီခွဲမျှ ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း သုံးလကြာမျှ
ဖြစ်ပွါးခဲ့သည့် လူ ၇၇ ဦး သေဆုံးခဲ့ရသော လူမျိုးရေး ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည့် မိန့်ခွန်းများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဤဆူပူမှုကြောင့် လူပေါင်း ခြောက်သောင်းမျှ အိုးအိမ်များကို စွန့်ခွါထွက်ပြေးခဲ့ကြရပြီး နိုင်ငံတကာမှ အကူအညီများ ပေးအပ်ခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ပါတီပေါင်းစုံပါဝင်သည့် ပါလီမန်အမတ်များအဖွဲ့က အစည်းအဝေးတရပ်ကို လက်ခံကျင်းပဦးမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ချင်း လူ့အခွင့်အရေး အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်း ချင်းတိုင်းရင်းသားများ ခံစားနေရသော ဘာသာရေး ဖိနှိပ်ညှဉ်းပန်းမှုများကို တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။

ဤအချေအတင် ဆွေးနွေးပွဲနှင့် အစည်အဝေးများက မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသော ဖိနှိပ်ညှဉ်းပန်းခံရမှုများ၊ မူဆလင်နှင့် ခရစ်ယာန်များအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများအကြောင်း အဓိက အာရုံစိုက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အမျိုးသားရေး အခြေခံ၍ ရိုဟင်ဂျာများကို ဆန့်ကျင် ပြောကြားခြင်းကြောင့် မကြာသေးခင် လများအတွင်း လူထုထောက်ခံမှုကို ထူးထူးခြားခြား ရရှိခဲ့သည်ဟု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခု ဖြစ်သည့် Burma Campaign (UK) ၏ တနင်္လာနေ့ထုတ် ကြေညာချက်တွင်
ရေးသားထားသည်။

“မြန်မာ ဗုဒ္ဓဘာသာ လူမျိုးများအကြား ပြင်းထန်သည့် အမျိုးသားရေးဝါဒကို လှုံ့ဆော် ပြောကြားခဲ့ခြင်းသည် သူ့ (သမ္မတ) အတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ယှဉ်ပြိုင်အနိုင်ယူနိုင်မည့် နည်းလမ်းကောင်းတခု ဖြစ်နေပုံရသည်” ဟု အဆိုပါကြေညာချက်တွင် ပါရှိသည်။

“လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားခြားနားသော နိုင်ငံတခုတွင် ဤသို့သော မဟာဗျူဟာကို ကျင့်သုံးခြင်းသည် အလွန်အန္တရာယ်ကြီးပြီး ချက်ချင်း အားသွန်ခွန်စိုက် တန်ပြန်တုံ့ပြန်
ဆောင်ရွက်သင့်သည်” ဟုလည်း BCUK ကြေညာ ချက်က ဆိုသည်။

“မြန်မာနိုင်ငံတွင် ကြိုဆိုရမည့် ပြုပြင်ပြောင်းလဲရေးများ ပေါ်ပေါက်နေလင့်ကစား အလွန် စိုးရိမ်ဖွယ် ပြဿနာကြီးများ ရှိနေဆဲဖြစ်ကြောင်း ဗြိတိသျှပါလီမန်တွင် ပြုလုပ်ခဲ့သည့် အချေအတင် ဆွေးနွေးပွဲနှင့် အစည်းအဝေးများက မီးမောင်း ထိုးပြခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများ ရှိနေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်” ဟု BCUK မှ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောဆိုသည်။

“စစ်တပ် ကျောထောက် နောက်ခံပြုထားသည့် ဦးသိန်းစိန်၏ အစိုးရက အလွန် စိုးရိမ်ဖွယ် ကောင်းသည့် လူ့အခွင့် အရေးဖောက်ဖျက်မှုများ ဆက်လက်ကျူးလွန်နေသည်ကို ဆက်လက် အလေးဂရုပြုနေသည့်အတွက် ဗြိတိသျှ ပါလီမန်ကို ကျွန်ုပ်တို့က ကြိုဆိုပါသည်” ဟုလည်း ၎င်းက ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates