Monday, August 13, 2012

မိုဘိုင်း SIM ကတ်များအတွက် မြန်မာ့ဆက်သွယ်ရေး တင်ဒါခေါ်ယူ

တင်ဇာအောင် | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၂ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။    ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် GSM SIM ကတ်  ငါးသိန်းကျော်နှင့် WCDMA SIM ကတ် နှစ်သန်းခွဲကျော် ၀ယ်ယူမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်တွင်းကျပ်ငွေဖြင့် ၀ယ်ယူမည့် တင်ဒါခေါ်ယူခြင်းကို သြဂုတ်လ ၂ ရက်နေ့မှ စတင်ခဲ့ပြီး ၁၇ ရက်နေ့ နောက်ဆုံးထား၍ တင်ဒါ သိမ်းမည် ဖြစ်သည်။

အဆိုပါ ကတ်များကို မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်း တယ်လီဖုန်းလိုင်းများ သုံးစွဲမှု ချထားပေးရာတွင် အသုံးပြုရန်အတွက် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဆက်သွယ်ရေး၊ စာတိုက်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (ပစ္စည်းဌာန)တွင် တင်ဒါပုံစံတခုကို ငွေတထောင်ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိအချိန်တွင် GSM မိုဘိုင်း ဖုန်းလိုင်းများအတွက် SIM ကတ်များကို ကျပ်နှစ်သိန်းဖြင့်လည်းကောင်း၊ WCDMA မိုဘိုင်းဖုန်း SIM ကတ်များကို ကျပ်နှစ်သိန်းခွဲဖြင့် လည်းကောင်း ရောင်းချနေသည်။

လက်ရှိအချိန်တွင်မူ GSM ကတ်များကို ၀ယ်ယူမှု ပိုများကြောင်း ‘လူကြီးမင်း’ မိုဘိုင်းဖုန်း အရောင်းဆိုင် မန်နေဂျာ ဦးကိုကိုအောင် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက “အခုဆိုရင် အင်တာနက် ရဖို့ကလည်း အရေးကြီးလာပါပြီ။ နယ်တွေမှာဆိုလည်း ဆန်ဈေးနှုန်း၊ ပဲဈေးနှုန်းတွေက အစ အင်တာနက်က ကြည့်နိုင်ရင် သူတို့အတွက် အများကြီး အဆင်ပြေပါတယ်။ အသံကနေ သွားတာမျိုး မဟုတ်တော့ဘဲ အင်တာနက်ကနေ ကြည့်နိုင်ရင် ပိုပြီး အဆင်ပြေပါတယ်။ ဒေတာ ပေးဖို့ဆိုရင် 3G က အကောင်းဆုံးပါပဲ။ နိုင်ငံတကာမှာလည် 3G ကိုပဲ သုံးတာ ပိုများပါတယ်။ နောက်ပိုင်းလည်း 3G ကိုပဲ ပိုပေးမှာပါ” ဟု ပြောသည်။

ဆက်သွယ်ရေး လုပ်ငန်းက ချထားပေးနေသော မိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြုလိုပါက ကျပ်တသောင်းဖြင့် လျှောက်ထားနိုင်ပြီး အသုံးပြုခမှာ GSM ဖုန်းအတွက် တမိနစ်လျှင် နှစ်ကျပ်ဖြစ်ပြီး WCDMA ဖုန်းအတွက် တမိနစ်လျှင် လေးကျပ် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates