ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၏ ပထမဆုံး ဆက်ဆံရေး ရုံးအား ကျော်တော်မြို့၌ ဖွင့်လှစ်နိုင်ရေးမှာ ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကြန့်ကြာမှုများ ရှိသော်လည်း သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် ရှိကြောင်း ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။
“ဒီသြဂုတ်လ အတွင်းမှာ ဖွင့်နိုင်ပါမယ်။ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် နေပါပြီ။ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး နှောင့်နှေးနေတာပါ။ ကျောက်တော်မှာလည်း ၁၄၄ ထုတ်ထားတာ ရှိတော့ မြန်မာအာဏာပိုင်တွေဘက်က စောင့်ပါဦး ဆိုပြီး ပြောနေလို့ ကြန့်ကြာနေတာပါ” ဟု မဇ္ဈိမကို ပြောသည်။
စစ်တွေ၊ ရန်ကုန်၊ မြဝတီ၊ မောင်တော၊ ပလက်ဝ၊ ကျောက်တော် မြို့များ၌ ALP ဆက်ဆံရေး ရုံးနှင့် စီးပွားရေး ရုံးများ ဖွင့်ရန် အစိုးရနှင့် သဘောတူညီထားပြီး ဖြစ်သည်။ သို့သော် ပလက်ဝ မြို့၌ ALP ဆက်ဆံရေးရုံး ဖွင့်ရန်ကိုမူ ချင်းအမျိုးသားတပ်ဦး (CNF)မှ ကန့်ကွက်ထားသည်။
ပြည်ထောင်စုအဆင့် တွေ့ဆုံနိုင်ရန်အတွက် ALP မှ အဆိုပြုထားသော်လည်း အစိုးရဘက်မှ အကြောင်းမပြန်သေးကြောင်း ခိုင်သုခ က ပြောသည်။
မတရားအသင်း ဥပဒေများ ပြန်လည် ရုတ်သိမ်းပေးရေး၊ ရခိုင်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေ ယဉ်ကျေးမှု ကိစ္စရပ်များတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရရန်တို့ ပါဝင်သည့် အချက် ၁၇ ချက်ကို ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲတွင် တောင်းဆို သွားမည်ဟု သိရှိရသည်။ တပ်နေရာ ချထားကိုမူ အစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်သည်ဟု ခိုင်သုခ က ပြောသည်။
ALP သည် ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ၅ ချက်ကို ဧပြီလ ၅ ရက်နေ့က လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
ALP/ALA (ရခိုင်ပြည် လွတ်မြောက်ရေးတပ်) ကို ၁၉၇၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ်တို့တွင် အခြေစိုက်လျက် ရှိသည်။ ALA စစ်တပ်အင်အား ၅၀၀ ခန့်နှင့် ALP ပါတီဝင် အင်အား ၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။