Friday, July 27, 2012

ကျွမ်းကျင်လုပ်သား လိုအပ်ချက် ဖြည့်ဆည်းရန် ပညာရှင်တို့ သတိပေး

သိင်္ဂီထွန်း | သောကြာနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်တော့မည့် မြန်မာနိုင်ငံ အတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက် ရှိနေသေးပြီး ထိုလိုအပ်ချက်အား ဖြည့်ဆည်းရန် လိုကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်အုန်းသန့် က သတိပေး ပြောကြားလိုက်သည်။

“မြန်မာပြည်အတွက် ခြိမ်းခြောက်မှုက ဘာလဲဆိုတော့ ကိုယ့်ဆီကလူက အလုပ်ရဖို့ မလွယ်ဘူး။ သူတို့ဆီက လူတွေက ကိုယ့်ဆီမှာ အလုပ်ရဖို့ လွယ်တယ်။ မြန်မာပြည် အတွင်းမှာကို စံချိန်စံညွှန်းပြည့်ဖို့ လိုလာပြီ။ မမီရင် အပြင်ကလူကို ခန့်တော့မှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာပါက ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားများ စသည်တို့သည် အာဆီယံနိုင်ငံအတွင်း လွတ်လပ်စွာ ကုန်သွယ် လုပ်ကိုင်နိုင်ကြမည် ဖြစ်ခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် ဖြည့်ဆည်းထားရန်
ဒေါ်ခင်အုန်းသန့် က ပြောသွားခြင်း ဖြစ်သည်။

ထို့အပြင် မိမိနိုင်ငံအတွင်းမှ ရရှိသည့် လစာနှင့် အခွင့်အလမ်း နည်းပါးနေပါက ပြည်တွင်းမှ ကျွမ်းကျင် လုပ်သားများ ပြည်ပသို့ ထွက်ခွာသွားနိုင်သည့်အတွက် ထိုသို့ မဖြစ်စေရန် အခွင့်အလမ်းများ ပေးသင့်သည်ဟု Parami Energy Group ကုမ္ပဏီ၏ အကြီးတန်း အကြံပေးဖြစ်သူ ဒေါ်တင်တင်ထွေး က သုံးသပ်ပြောဆိုသည်။

“နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကလေးတွေအတွက် နေရာမရှိကြဘူး ဆိုတာလည်း နေရာ လုပ်ပေးရမှာပေါ့။ အခုတောင် သမ္မတကြီး ဦးသိန်းစိန်က Good Governance ၊ Clean government ဆိုတာ ပြောတာရှိတယ်။ အဲဒါ အရမ်း အရေးကြီးတယ်။ Good တင်မကဘူး။ Clean ပါ ဖြစ်ရမယ်။ အလုပ် မရဘူးဆိုတာ အဲဒါလည်း ပါတယ်” ဟု ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် လူငယ် အလုပ်လက်မဲ့ဦးရေ မြင့်မားလျက်ရှိနေပြီး ၎င်းမှာ ချိန်ကိုက်ဗုံး တခုကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ၌ ဇွန်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates