Tuesday, July 31, 2012

တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းအသင်း ဖွဲ့စည်းမည်

အောင်ကြည်၊ အောင်မြတ်ထွန်း | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ၏ လိုအပ်ချက်နှင့် အခက်အခဲ များကို စုပေါင်း ဆွေးနွေး တင်ပြသွားနိုင်ရန် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်း အသင်းကို တရားဝင် မှတ်ပုံတင် ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည် စက်မှု အသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါအသင်း ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ UMFCCI ရုံး ခန်းမတွင် ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့ရာ လုပ်ငန်းရှင် ကိုယ်စားလှယ် စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။


“လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို တဦးချင်း တင်ပြမယ့်အစား အများစုပေါင်း ဆွေးနွေး တင်ပြ သွားနိုင်ဖို့အတွက် အသင်းကို ဖွဲ့စည်းရတာပါ။ တလအတွင်း အသင်း ဖြစ်လာနိုင်ပါတယ်” ဟု စက်မှုကုန်ထုတ် လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။

အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းရှင်များတွင် မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ထားသူများ အများစုပါဝင်ပြီး တနိုင်ငံလုံးတွင် မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ထားသော ကုမ္ပဏီ ၇ဝ ခန့် ရှိသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် တင်သွင်း ရောင်းချသူများ အသင်း (ယာယီ) အနေဖြင့် တတိယ အကြိမ်မြောက် အသင်း အလုပ်အမှုဆောင်များ ထပ်မံ ရွေးချယ်ဖွဲ့စည်းရန် ရည်ရွယ်ထားသော် လည်း တက်ရောက်လာသူအချို့က သဘောမတူ၍ အသင်းဖြစ်မြောက်ရေး ကော်မတီကိုသာ ဖွဲ့စည်းနိုင်ခဲ့သည်။

“အသင်းရဲ့ ယာယီ ဥက္ကဋ္ဌရော အတွင်းရေးမှုးပါ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ အားလုံးကို မဲစနစ်နဲ့ ပြန်ရွေး ဖို့ လိုပါတယ်။ ယာယီက အစ မဲစနစ်နဲ့ သွားဖို့ လိုပါတယ်” ဟု Farmer ဖိုးရာဇာ ကုမ္ပဏီမှ ဦးစိုးထွန်း က ဆိုသည်။

အသင်းဖြစ်မြောက်ရေး ကော်မတီအတွက် အလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် အသင်းဝင်များ အဆိုပြုရာတွင်
မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ထားသော ကုမ္ပဏီများမှ ကိုယ်စားလှယ် ၂ဝ ဦး၊ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်သည့် ကုမ္ပဏီများမှ ၁၄ ဦး၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံ လုပ်ငန်းရှင် ၈ ဦး၊ မော်တော် ယာဉ် အပိုပစ္စည်း တင်သွင်းရောင်းချ လုပ်ငန်းရှင် ၇ ဦးနှင့် မော်တော်ယာဉ် တင်သွင်း လုပ်ငန်းလုပ်ကိုင်သူ ၇ ဦး၊ စုစုပေါင်း ၅၆ ဦး အဆိုပြုထားသည်။

“အလုပ်အမှုဆောင် ကော်မတီဝင်တွေအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေမှာ အနည်းဆုံး ဒါရိုက်တာအဆင့် ရှိရပါမယ်။ အသင်းရံပုံငွေ အနည်းဆုံး ကျပ် ၅ သိန်းစီ ထည့်ဝင်နိုင်သူတွေ ဖြစ်ရပါမယ်” ဟု UMFCCI တာဝန်ရှိသူ တဦးက ဆိုသည်။

မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းဆိုင်ရာ တိကျသော ပေါ်လစီကို နိုင်ငံတော်က ချမှတ်နိုင်ခြင်း မရှိသေးသော်လည်း လမ်းညွှန်ချက် (guidelines)များ ချပေးလျက်ရှိပြီး မှုဝါဒများ ပြောင်းလဲရာတွင် ညှိနှိုင်း ပေါင်းစည်း အဖြေရှာကာ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှ အားလုံး အကျိုးရှိမည်ဖြစ်ကြောင်း ဦးဇော်မင်းဝင်း က ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို လွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ မော်တော်ယာဉ်နှင့် အပိုပစ္စည်း ထုတ်လုပ်ခြင်း
နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသူများအား ၁ဝဝ ရာခိုင်နှုန်း ခွင့်ပြုမည့်အစား
ပြည်တွင်း လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ပြုရန် ဥပဒေပြဋ္ဌာန်းသင့်သည်ဟု ၎င်းက ဆိုသည်။

“ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ လုပ်ငန်း ဖက်စပ် လုပ်ကိုင်ဖို့အတွက် အတတ်ပညာ ကျွမ်းကျင်မှုတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။

UMFCCI အလုပ်အမှုဆောင် ဦးအေးထွန်း က အသင်းအနေဖြင့် နိုင်ငံတော်မှ လက်ခံ ကျင့်သုံးမည့် National Automotive Policy ပေါ်ပေါက်ရေးတွင်လည်းကောင်း၊ ကျင့်သုံးရာတွင် လည်းကောင်း ပါဝင်၍ အကြံဉာဏ်များ
ပေးသွားရန်၊ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်၍ နည်းပညာများ ဗဟုသုတများ ရရှိစေပြီး ပြည်တွင်း ထုတ်လုပ်မှု ဝန်ဆောင်မှု လုပ်ငန်းများ၌ အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံ တဝှန်းရှိ မော်တော်ယာဉ် ထုတ်လုပ်မှု၊ တင်သွင်းရောင်းချမှု လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ထိုမှတဆင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုး တိုးတက်လာစေရန်တို့ ပါဝင်သည်ဟုလည်း ဆိုသည်။ မော်တော် ယာဉ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် အခြား အာရှနိုင်ငံ များ၏ မော်တော်ယာဉ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်  ရည်မှန်းထားသည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates