Monday, July 23, 2012

မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ် ထားဝယ်စီမံကိန်းကို ဦးစားပေးမည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၆ မိနစ်   

မဇ္ဈိမသတင်းဌာန ။         ။ မြန်မာသမ္မတ ဦးသိန်းစိန်သည် တနင်္ဂနွေနေ့တွင် စတင်ခဲ့သည့် သူ၏ ထိုင်းနိုင်ငံ ၃ ရက် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏ ရေနက်ဆိပ်ကမ်း တခု နှင့် ဘန်ကောက်မြို့တောင်ပိုင်းရှိ စက်မှုဇုန်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ချွန်ဘူရီ ပြည်နယ် အရှေ့ပိုင်းရှိ လမ်ချာဗန် ရေနက်ဆိပ်ကမ်း နှင့် လမ်ချာဗန် စက်မှုဇုန်သည်
မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက်နေဆဲ ဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တို့နှင့် အလားသဏ္ဍန်တူပြီး ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်အား ထိုင်းကုမ္ပဏီများက ကြီးမားစွာ ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ဆောင်ရွက် မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် သူ၏ ခရီးစဉ်အတွင်းတွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်နှင့် တွေ့ဆုံကာ ထားဝယ် စီမံကိန်းနှင့် ဆောင်ရွက်ရန် ရှိသည့် ထိုင်းနိုင်ငံနှင့် ဆက်သွယ်နိုင်မည့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း စီမံကိန်းတို့ကို ဆွေးနွေးမည် ဖြစ်သည်။

သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အတွက် အလည်အပတ်ရောက်နေသော သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာတို့ တနင်္လာနေ့ ဇူလိုင် ၂၃ ရက်၊ ၂၀၁၂ ခုနှစ်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေစဉ်။ (ဓာတ်ပုံ- MJA)

ထိုင်းနှင့် မြန်မာ အကြား စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံ လမ်ချာဗန် ရေနက်ဆိပ်ကမ်းအကြား ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်ရေးတို့အား အထူးဦးစားပေး ဆွေးနွေးမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လပ် က ထိုင်းအခြေစိုက် The Nation သတင်းစာသို့ ပြောထားသည်။

နှစ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ ၃ ခုအား လက်မှတ်
ရေးထိုးကြမည်ဟု သိရသည်။

ထိုင်းအရာရှိတဦးက ပြောကြားသည်မှာ ထားဝယ်- လမ်ချာဗန် ဆက်သွယ်ရေး လမ်းကြောင်းကြောင့် အဓိက သယ်ယူ ပို့ဆောင်ရေး စနစ်သည် မော်တော်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ရေးစနစ်ကို အားထားနေရာမှ ရထားပို့ဆောင်ရေး သို့ ပြောင်းလဲ အသုံးပြုကြမည် ဖြစ်သဖြင့် ထောက်ပံ့ပို့ဆောင်ရေး စရိတ်ကို လျှော့ချနိုင်မည် ဖြစ်ပြီး ထိုင်းနိုင်ငံလမ်ချာဗန် မှ အိန္ဒိယနိုင်ငံ Chennai သို့ ခရီးသွားလျှင် ကြာမြင့်ချိန်ကိုလည်း ၆ ရက်မှ ၃ ရက်သို့ လျှော့ချနိုင်မည် ဖြစ်သဖြင့် ထိုင်းနိုင်ငံကို အကျိုးရှိစေလိမ့်မည်ဟု ဆိုသည်။ 

ထားဝယ်တွင် ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၈.၆ ဘီလီယံ အထိ ရှိနေပြီဟု ခန့်မှန်းကြသည်။

ထိုင်းအရာရှိ တဦးက ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ဦးသိန်းစိန် အနေဖြင့် ယခုလ အစောပိုင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်မှာ မှန်ကန်ခဲ့ကြောင်းဆိုခဲ့ပြီး အကယ်၍ ရွှေ့ဆိုင်းခြင်း မပြုခဲ့ပါက မြန်မာ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်နှင့် အချိန် တိုက်ဆိုင်နေမည် ဖြစ်ကာ သမ္မတ ခရီးစဉ်အပေါ် အာရုံစိုက်မှု နည်းသွားနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။

ထိုထိုင်းအရာရှိက ဆက်လက်ပြောကြားရာတွင် နှစ်နိုင်ငံ အစိုးရများ အနေဖြင့် အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေး ရန် ယခုခရီးစဉ်တွင် အချိန် ပိုမိုရရှိလာသည် ဟုလည်း ဆိုခဲ့သည်။

“သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံ အားပေးသင့်တဲ့ အဓိကအကျဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်” ဟုလည်း ထိုင်းအရာရှိက ဘန်ကောက်ပို့စ်သို့ ပြောခဲ့သည်။ 

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သင်္ကေတ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ဦးသိန်းစိန် ကတော့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ရေးအတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ပါ” ဟု သူက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates