Monday, July 23, 2012

ခွာနာလျှာနာ မကင်း၍ တရုတ်သို့ အမဲသား တင်ပို့မှု ရပ်ဆိုင်းထား

ရတနာဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၂၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင်ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

အမဲသားတင်ပို့မှုကို တရုတ်နိုင်ငံ၏ ‘တိရိစ္ဆာန်များ၊ သစ်ပင်ပန်းမန်များ အဝင်အထွက် နှင့် ပိုးမွှား ကင်းစင်ရေး’ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပိတ်ပင်ကြောင်း ဇူလိုင်လဆန်းပိုင်းက တရုတ်နိုင်ငံဘက်မှ မြန်မာကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) အပါအဝင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့သဖြင့် ရပ်ဆိုင်းမှု
ဖြစ်လာကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

သို့သော် အမဲသား စက်ရုံ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းသွားနိုင်သည့် အနေအထားကြောင့် ဇူလိုင်လလယ်ပိုင်းမှ သာ ကြေညာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နိုင်ငံတကာ ကုန်သွယ်မှုမှာ တိရိစ္ဆာန်နဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းများ ကူးသန်း ရောင်းဝယ်တဲ့အခါ ကမ္ဘာ့တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ရဲ့ စည်းမျဉ်းအရ အေးခဲအသား (အမဲသား)တွေမှာ ခွာနာလျှာနာရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ် ရှိနိုင်ပါတယ်။ OIE ရဲ့ ၂ဝ၁၁ ဥပဒေ စည်းမျဉ်း အပိုဒ် ၈-၅-၃ဝ အရ နွားသားရေတွေကို ဓါတုဆေးဝါးနဲ့ သားရေထုတ်တဲ့ နည်းစဉ်အတိုင်း လုပ်မယ်ဆိုရင် ရောဂါပိုး ဘေးအန္တရာယ် မရှိကြောင်း ပြဋ္ဌာန်းပါရှိပေမယ့် တရုတ်နိုင်ငံ က အသားထုတ် ကုန်ပစ္စည်း ပိတ်ပင်တားမြစ်ချက်မှာ ကျွဲနွားသားရေ အကျုံးဝင်/မဝင်ကိုတော့ သီးခြားဖော်ပြထားတာ မရှိပါဘူး” ဟု ပြောသည်။

သို့ဖြစ်၍ သားရေလုပ်ငန်းရှင်များကလည်း သားရေလုပ် ထုတ်ကုန်ပစ္စည်းများသည် ခွာနာလျှာနာရောဂါ ကင်းစင်ကြောင်း UMFCCI မှတဆင့် တရုတ်နိုင်ငံသို့ တင်ပြသွားမည် ဖြစ်သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အေးခဲ အမဲသား ပြည်ပတင်ပို့ခဲ့မှုမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates