Tuesday, April 17, 2012

မြန်မာ့အရေး အိန္ဒိယ-အမေရိကန် ဆွေးနွေးနေ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဧပြီလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနှင့် အမေရိကန်တို့၏ အရှေ့အာရှဆိုင်ရာ ဆွေးနွေးပွဲများတွင်
မြန်မာပြည်အရေးလည်း ထည့်သွင်းဆွေးနွေးနေသည်။

အင်္ဂါနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အရှေ့အာရှဆိုင်ရာ အိန္ဒိယ နိုင်ငံခြားရေး လက်ထောက်အတွင်းဝန် Gautam Bambawale တို့ ဦးဆောင်သည့် ဆွေးနွေးပွဲတွင် မြန်မာပြည်အရေး ထည့်သွင်းဆွေးနွေးမည်ဟု The New Indian Express သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံမှာ အမေရိကန်နှင့်တရုတ်တို့ အားပြိုင်ရာ ‘တိုက်ပွဲစစ်တုရင်ခုံတခု’အဖြစ် သတ်မှတ် သဘောထားကြောင်းလည်း ရေးသားဖော်ပြထားသည်။

တနင်္လာနေ့မှ စတင်ခဲ့သော နှစ်နိုင်ငံဆွေးနွေးပွဲများတွင် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ၊ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုနှင့် မြန်မာအပါအ၀င် အရှေ့အာရှဆိုင်ရာ နိုင်ငံရေး၊ စစ်ရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။

အင်္ဂါနေ့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell လည်း ပါဝင်မည်ဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး ရှေးရှုသည့် ခြေလှမ်းများအား အားပေးရန်နှင့်
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရခြင်းတို့ကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။ မစ္စတာမစ်ချဲလ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မကြာမီ တရားဝင် ခန့်အပ်ခံရဖွယ်ရှိသည်။

အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း သည်လည်း မေလထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates