Tuesday, April 17, 2012

လူတန်းစားပေါင်းစုံ ပျော်မြူးနိုင်တဲ့ ရန်ကုန် ကန်တော်ကြီး သင်္ကြန်

အောင်ဝင်း | အင်္ဂါနေ့၊ ဧပြီလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။    ။ စီးပွားရေး မြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့တော်ရဲ့ ၂၀၁၂ မြန်မာ့ ရိုးရာ နှစ်သစ်ကူး သင်္ကြန်မှာ လူတန်းစား မရွေး စိတ်အေးချမ်းသာ ပျော်မြူးနိုင်တဲ့ နေရာတခုကို ပြပါဆိုရင် ရန်ကုန်မြို့လယ်ခေါင်နားမှာ ရှိတဲ့ ကန်တော်ကြီး ဥယျာဉ်ကိုပဲ လက်ညှိုး ထိုးပြရမှာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုနေ့တွင် ရေကစားနေကြသူများ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

၂၀၁၂ သင်္ကြန်မှာ ရေကစားမဏ္ဍပ်ကြီးတွေကို နယ်မြေ အကန့်အသတ်နဲ့သာ ဆောက်လုပ်ခွင့် ပြုထားတဲ့အတွက် သင်္ကြန်မဏ္ဍပ်ကြီးတွေ ရှိတဲ့ ကန်တော်ကြီး၊ ပြည်လမ်း အင်းယားကန်ရှေ့၊ ကမ္ဘာအေး ဘုရားလမ်းတလျှောက်နဲ့ လသာမြို့နယ် အနော်ရထာ လမ်းမပေါ်တွေမှာတော့ ဖျော်ဖြေရေး မဏ္ဍပ်တွေ၊ ရေပက်ခံကားတွေ ပွဲကြည့် ပရိသတ်တွေနဲ့ စည်စည်ကားကားရှိပေမယ့် တခြား ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ စည်ကားမှု သိပ်မရှိပါဘူး။

လွန်ခဲ့တဲ့နှစ် စက်တင်္ဘာလက စတင်ခဲ့တဲ့ ကားဟောင်း အပ်နှံမှု အစီအစဉ်အရ ပစ်ကပ်ကား အရေအတွက်
လျော့နည်းသွားတာကြောင့် ဒီနှစ်ရန်ကုန်မြို့တော်မှာ ရေပက်ခံကားတွေဟာ မနှစ်ကထက်စာရင် တ၀က်နီးပါးလောက် လျော့နည်းသွားတာကို တွေ့ရပေမယ့် ဖျော်ဖြေရေးမဏ္ဍပ်တွေ ရှိတဲ့ နေရာတွေမှာ ကားတွေ လူတွေ စုပြုံ တိုးကြိတ်နေကြပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကို
တွေ့ရပါတယ်။

ကန်တော်ကြီး ဥယျာဉ်ထဲမှာတော့ သင်္ကြန်ပွဲတော်အတွင်းမှာ ကန်တော်ကြီး ဥယျာဉ်ဝင်ကြေး တဦးကို ကျပ် ၅၀၀ ကောက်ခံပေမယ့်လည်း Grand Royal က စပွန်ဆာပေးထားတဲ့ Iron Cross အဖွဲ့သားတွေရဲ့
ဖျော်ဖြေရေးမဏ္ဍပ်ကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ၀င်ကြေးမယူ အခမဲ့ ဖျော်ဖြေနေတာကို တွေ့ရပါတယ်။ IC အဖွဲ့သားတွေရဲ့ ဖျော်ဖြေရေး မဏ္ဍပ်အပြင် ကန်တော်ကြီးဥယျာဉ်ဝင်းအတွင်းမှာ Grand Royal ကပဲ စပွန်ဆာပေးထားတဲ့ DJ အကအဖွဲ့ ဖျော်ဖြေရေး စင်မြင့်နဲ့ ကန်တော်ကြီးအတွင်း အပန်းဖြေ လမ်းလျှောက်သူတွေကို ရေပက်ဖြန်းပေးနေတဲ့ ရေပက် မဏ္ဍပ် တခုလည်း ရှိပါတယ်။ ကိုယ်တိုင် ၀င်ရောက် ကချင်သူတွေအတွက် ရေပန်းတွေ တပ်ဆင်ထားတဲ့ Dancing Floor တခုကိုလည်း ဖန်တီးပေးထားပါတယ်။

ရန်ကုန်မြို့ တခြားနေရာ မဏ္ဍပ်တွေမှာ ပိတ်ဆို့နေလို့ ကန်တော်ကြီးဥယျာဉ်အတွင်း လာရောက် အပန်းဖြေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ၊ စုံတွဲတွေ၊ သူငယ်ချင်း အုပ်စုတွေအတွက် ကျားမ အသက်အရွယ်မရွေး
ပျော်ရွှင်စရာ နေရာတခုအနေနဲ့ တွေ့ရပါတယ်။

ပတ်ဝန်းကျင်ကို ထိခိုက်တဲ့ အထိ အပျော်လွန် သောင်းကျန်းသူ တချို့ရှိပေမယ့် ကန်တော်ကြီးဝင်းအတွင်း လုံခြုံရေး တာဝန်ယူထားတဲ့ ပုဂ္ဂလိက လုံခြုံရေး ၀န်ထမ်းတွေရဲ့ ထိန်းသိမ်းပေးမှုကြောင့် အနှောက်အယှက်
ဖြစ်လောက်တဲ့ ပြဿနာ မဖြစ်ပါဘူး။

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တွင်း၌ ရေကစားနေကြသည်များက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ)

ရေပက်ခံ ကားတွေလည်း ပတ်လမ်းအတွင်း ၀င်ဖို့ နာရီနဲ့ချီ စောင့်နေရပြီး၊ မဏ္ဍပ်ရှေ့ ရောက်နေတဲ့ ကားတွေက မဏ္ဍပ်တွေ ရှေ့က ပြန်မထွက်ဘဲ ပေရပ်နေကြတာပါ။ ကန်တော်ကြီး ပတ်လမ်းတလျှောက် လမ်းလျှောက် ရေပက်ခံ ထွက်လာတဲ့ လူအုပ်ကြီးကလည်း အလွန်အမင်း များပြားနေပြီး၊ ရေပက်ခံ ကားလမ်းကြောတွေအထိ လမ်းလျှောက်တဲ့သူတွေ ရှိနေပါတယ်။ ဒီလောက်များပြားတဲ့ လူအုပ်ကြားမှာ ပြဿနာ တစုံတရာ
ဖြစ်လာမယ် ဆိုရင်တော့ ပြေးလွှားရင်း ထိခိုက်ဒဏ်ရာရမယ့်သူ အတော်များမှာပါ။ ကန်တော်ကြီး ပတ်လမ်းတလျှောက်က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတယ် ဆိုပေမယ့်လည်း ပြဿနာ တစုံတရာ ဖြစ်ပွားလာခဲ့ရင် ဖြေရှင်းပေးမယ့် လုံခြုံရေးတာဝန်ကျ ၀န်ထမ်း အလုံအလောက် ထားရှိတာကိုတော့ မတွေ့ရပါဘူး။

ရန်ကုန်မြို့ လသာမြို့နယ် အနော်ရထားလမ်းမပေါ်က Sky Net နဲ့ စီတီး FM တို့ရဲ့ ရေပက်မဏ္ဍပ်နဲ့ ဖျော်ဖြေရေး မဏ္ဍပ်မှာ လူအတော်လေး စည်ကားပေမယ့် ရေပက်မဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ် တွဲထားတာ
ဖြစ်တဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ဖြစ်နေပြီး ပရိသတ်တွေက ကားတွေကို ရှောင်ရ၊ ကားတွေကလည်း တိုးမပေါက်ဖြစ်ပြီး ပိတ်ဆို့မှုတွေ ဖြစ်နေခဲ့ပါတယ်။

ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ရှိတဲ့ မြို့တော်ဝန် မဏ္ဍပ်ကလည်း အရင်နှစ်တွေ အတိုင်းပဲ လူတန်းစားတခု အတွက် ဖျော်ဖြေရေး လုပ်နေသလိုဖြစ်နေပြီး အများပြည်သူ ပွဲကြည့် ပရိသတ်အတွက်ကတော့ သံဆူးကြိုးတွေ ကာရံထားတဲ့နောက် ခပ်လှမ်းလှမ်းကပဲ ငေးကြည့်လို့ရလို့ စည်စည်ကားကား သိပ်မရှိခဲ့ပါဘူး။

ဖျော်ဖြေရေးအတွက်ရော ရေပက်မဏ္ဍပ်အတွက်ရော ရေပက်ခံကားတွေအတွက်ရော ပွဲကြည့်ပရိသတ်တွေ အတွက်ရော အဆင်ပြေတဲ့ ဗိုလ်ချုပ်ဈေး ရှေ့မှာတော့ ဒီနှစ် ဘာမဏ္ဍပ်မှ မရှိဘဲ ခြောက်ခြောက်သွေ့သွေ့ သင်္ကြန် ဖြစ်နေပါတယ်။

ဖျော်ဖြေရေးမဏ္ဍပ်တွေအတွက် ကန်တော်ကြီး ပန်းခြံလိုပဲ အကွက်အကွင်းကောင်းတဲ့ ပြည်သူ့ဥယျာဉ်ဝင်း အတွင်းမှာ ရေပက်ခံထွက်လာရင်း ၀င်နားတဲ့ ရေပက်ခံ ကားတွေ ရှိပေမယ့် ခြောက်ခြောက်သွေ့သွေ့နဲ့ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ ၀င်ကြေးကတော့ တဦးကို ကျပ် ၃၀၀ လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တွင်း၌ ရေကစားနေကြသည်များက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ)

ရန်ကုန်မြို့တွင်းမှာ အခြေခံလူတန်းစားတွေအတွက် ဒီနှစ် အခက်ခဲဆုံးက သွားလာရေး ပြဿနာပါ။ ကားခတွေက နှစ်ဆကနေ သုံးဆလောက် တက်နေပါတယ်။ အနီးအနားဆို ၂၀၀ ကျပ်ဆိုပေမယ့် တချို့ဆို ၃၀၀ ကနေ ၅၀၀၊ ၇၀၀ အထိ တောင်းတဲ့ ယာဉ်တွေလည်း ရှိပါတယ်။ ဒီနှစ် သင်္ကြန်မှာ မထသ ယာဉ်လိုင်းနဲ့
ရွှေအင်းဝ ယာဉ်လိုင်းတွေက ပြေးဆွဲပေးနေတာ တွေ့ပေမယ့် ပါရမီ နဲ့ အဓိပတိ ယာဉ်လိုင်းတွေက ယာဉ်တွေပြေးဆွဲတာ မတွေ့ရပါဘူး။ ယာဉ်လိုင်းတွေ စုံအောင် မထွက်လို့ ကိုယ်လိုရာကို ရောက်ဖို့အတွက်
နှစ်ဆင့်သုံးဆင့်လောက် စီးရတဲ့ ခရီးသည်တွေ များပါတယ်။ ရန်ကုန်မြို့မှာ ခရီးသွားပြည်သူတွေ အချိန်မရွေး အားထားလို့ရတဲ့ ဘတ်စ်ကားယာဉ်လိုင်း စံနစ် မရှိသေးတာကို တွေ့ရပါတယ်။ ညအချိန်တွေမှာဆို ကားတွေ အလွန်နည်းပါးပြီး ယာဉ်စီးခတွေလည်း ပိုများပါတယ်။ ခရီးသည်တွေကလည်း ကားသမားတွေ
တောင်းသလောက် ပေးနေရပါတယ်။ ပြေးဆွဲပေးနေတဲ့ကားတွေ ရှိနေတာကိုပဲ ကျေးဇူးတင်ရ မလိုတောင် ဖြစ်နေတာပါ။

မြစ်ကြီးနားမြို့က လွှတ်တော်ကိုယ်စားလှယ် တဦး ဦးစီးတဲ့ မနောမြေ မဏ္ဍပ်မှာ ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ ဗုံးပေါက်ကွဲတဲ့ သတင်းတွေ အင်တာနက်တွေပေါ် ရောက်လာပေမယ့် ရန်ကုန်မြို့မှာတော့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ ထူးထူးခြားခြား သတင်းတွေ ထွက်မလာသေးပါဘူး။ ဒါပေမယ့် ဧပြီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ငါးမိနစ်မှာ ကို မင်းကိုနိုင်တို့ သံချပ်ဖျော်ဖြေရေးအဖွဲ့ သံလျင်က မဏ္ဍပ် တခုကို အရောက်မှာ ဘတ်စ်ကားပေါ်ကနေပြီး လူ ၁၅ ယောက်ခန့်က ကိုမင်းကိုနိုင်တို့ ကားကို တိုက်ခိုက်ခဲ့လို့ ၀င်ရောက်ကာကွယ်ပေးတဲ့ လူတချို့ ဒဏ်ရာ အပြင်းအထန် ရသွားသွားတယ်လို့ အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီဖြစ်ရပ်ကို ရဲစခန်းကို သွားရောက်အကြားစဉ်မှာပဲ အခြား သာမန် အရပ်သားကားတစီးကို ထိုအဖွဲ့မှပင် အုတ်ခဲများဖြင့် တိုက်ခိုက်ခဲ့ပြန်ပါတယ်။

မြန်မာနိုင်ငံ အနှံ့မှာ နှစ်သစ်ကူး အတာသင်္ကြန် ရေသေနတ်တွေနဲ့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်
ရေကစားနေကြပေမယ့် ကချင်ပြည်နယ် ဖက်မှာတော့ တကယ့် သေနတ်တွေနဲ့ အစိုးရတပ်နဲ့ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပစ်ခတ်မှု တိုက်ပွဲသတင်းတွေနဲ့ စခန်းသိမ်း တိုက်ပွဲသတင်းတွေ ပေါ်ထွက်နေပါတယ်။

မကွေးတိုင်း ကံမ မြို့နယ်မှာလည်း အစုလိုက် အပြုံလိုက် ညအချိန်တွေမှာ လုယက် တိုက်ခိုက်မှုတွေ ဧပြီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ဖြစ်ပွားတယ်လို သတင်းတွေ ပေါ်ထွက်နေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ကချင်ပြည်နယ် ဖားကန်မြို့နယ်နဲ့ မကွေးတိုင်း ကံမမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့
ဗုဒ္ဓဘာသာဝင်တွေအကြား ခိုက်ရန်ဖြစ်တွေ ဖြစ်ပွားအပြီးမှာ ဘာသာရေး အငြင်းပွားမှုတွေ
ရှောင်ရှားကြဖို့ ပြည်သူလူထုကို တိုက်တွန်း ပြောကြားထားပါတယ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates