Monday, January 2, 2012

အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ


မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်း ချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန် လိုက်သည်။

အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။

ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။

ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့လွတ်မြောက်လာနိုင်ဖွယ်မရှိပေ။

ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့တို့တွင်လည်း အလားတူ ပြစ်ဒဏ်
လျှော့ပေါ့ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates