Monday, July 4, 2011

“ သံတိုင်နောက်က မှတ်တမ်းများ ” ထွက်ရှိ

သဲသဲ| တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အကျဉ်းကျ သံဃာများ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အများသိစေရန် ရည်ရွယ်ကာ “သံတိုင်နောက်က မှတ်တမ်းများ” အမည်ရှိ စာအုပ်ကို အမေရိကန် အခြေစိုက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ်က ထုတ်ဝေလိုက်သည်။

ပြန်လွတ်လာသည့် သံဃာတော် ၉ ပါး၏ ကိုယ်တွေ့ဆောင်းပါးများ အပါအဝင် ဆောင်းပါး ၁၁ ပုဒ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေခြင်း ဖြစ်ကာ စာမျက်နှာ ၂ဝဝ နီးပါး ပါရှိသည်။

“ထောင်ထဲရောက်တဲ့အခါ ကိုယ့်စိတ်ဆန္ဒ မပါဘဲ သင်္ကန်းဝတ်ကို အတင်းချွတ်တယ်။ လူနာမည်တွေခေါ် ရိုင်းရိုင်းစိုင်းစိုင်း မင်းနဲ့ ငါနဲ့ ကိုင်ပြီး ဆဲဆိုတာတွေ၊ ဘာသာရေးလုပ်ခွင့် မပေးတာ၊ ရဲဘက်စခန်းမှာ ပေါ်တာအဖြစ် အသုံးပြုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးထားတာပါ” ဟု နယူးယောက်ရှိ သာသနာ့ ဥသျှောင်အဖွဲ့မှ စာအုပ်ထုတ်ဝေရေး စီစဉ်သူ  ဦးပညာနန္ဒက မဇ္ဈိမကို မိန့်သည်။

တအုပ်လျှင် ၁ဝ ဒေါ်လာဖြင့် ရောင်းချကာ ရောင်းရငွေများကို အကျဉ်းကျ သံဃာများထံ ကူညီထောက်ပံ့သွားမည် ဖြစ်သည်။  စာအုပ်ထုတ်ဝေရန် ၅ လခန့် ပြင်ဆင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ကုန်ကျခဲ့သည်ဟု  ဆိုသည်။

ထိုစာအုပ်မှတဆင့် ထောင်ထဲရှိ သံဃာတော်များ၏ အခက်အခဲကို ကမ္ဘာက သိရှိကာ အကျဉ်းကျ သံဃာများ လွတ်မြောက်ရေး ပိုမိုလုပ်ဆောင်စေနိုင်မည်ဟု သာသနာ့ဥသျှောင်က မျှော်လင့်ထားသည်။

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ဦးဆောင်ဆရာတော် အရှင်ဂန္ဘီရ အပါအဝင် သံဃာတော် ၂၂၃ ပါး အကျဉ်းကျခံနေရကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP (B) စာရင်းအရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates