Monday, January 3, 2011

ဥပဒေဖြင့် ကြပ်မတ်သင့်ဟု သဘာဝ ပတ်ဝန်းကျင် ပညာရှင် ပြော

ထွန်းထွန်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု အကျိုးဆက်အဖြစ် ရာသီဥတု အပြောင်းအလဲများ ဆိုးရွားစွာ ဖြစ်ပေါ်နေသောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများဖြင့် စနစ်တကျ ပြဋ္ဌာန်းကြပ်မတ်သင့်ကြောင်း ပညာရှင် ဦးအုန်းက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း မိုးခေါင်ရေရှားခြင်း၊ မုန်တိုင်းဝင်ခြင်း၊ အနိမ့်ဆုံး အပူချိန်အထိ ကျဆင်းခြင်းများ
ပေါ်ပေါက်ခဲ့ရသည်မှာ သဘာဝပတ်ဝန်းကျင်ကို မဆင်မခြင် အသုံးပြုရာမှ ဖြစ်ပွားလာသောကြောင့် ဥပဒေဖြင့် အသေအချာ ကြပ်မတ်ရန် လိုအပ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

’’သဘာဝပတ်ဝန်းကျင်ကို နဂိုအတိုင်း ပြန်လုပ်ဖို့က ဥပဒေက အရင်ဆုံး ပြဋ္ဌာန်းရမယ်။ ဥပမာ စိုက်ပျိုးရေး လုပ်ရမယ့် နေရာမှာ စိုက်ပျိုးရေးပဲ လုပ်ရမယ်။ ဒီလိုမဟုတ်ဘဲ သစ်ခုတ်တာတို့၊ ဆည်ဆောက်တာတို့၊ ရွှေတူးတာတို့ လုပ်လို့ မရဘူး။ အဲလိုမဟုတ်ရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှာပဲ’’ ဟု ဦးအုန်းက ပြောသည်။

ဦးအုန်းသည် ၂ဝဝ၅ ခုနှစ်တွင် ဂျပန်နိုင်ငံ Citizen Forum က ကမ္ဘာအချစ်ဆုံး လူပုဂ္ဂိုလ် ၁ဝဝ တွင် တဦး အပါအဝင်အဖြစ် ရွေးချယ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ဂျပန်နိုင်ငံက ချီးမြှင့်သည့် Minamata Environmental Award ကို ရရှိခဲ့သည်။

လက်ရှိတွင် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (Forest Resource Environment Development and Conservation Association, FREDA) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး သစ်တော ပညာရပ်ဆိုင်ရာစာအုပ်ဖြင့် စာပေဗိမာန် စာမူဆု ရရှိခဲ့ဖူးသည်။

ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့အပြင် မြန်မာပြည် အလယ်ပိုင်းတွင် မဆင်မခြင် သစ်တော ခုတ်လှဲနေခြင်းနှင့် အရမ်းကာရော ဆည်တည်ဆောက်ခြင်းကို ပြုပြင်ပြောင်းလဲရန် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မြန်မာပညာရှင်များက မကြာခဏ ဝေဖန်ထောက်ပြလေ့ ရှိသည်။

“ဖွံ့ဖြိုးရေးအတွက် ဆည်တွေ ဆောက်တာကို မပြောလိုပါဘူး။ ဒါပေမဲ့ ဆည်ဆောက်တဲ့အတွက်
မြစ်ရဲ့အထက်ပိုင်းမှာ နုံးကျမှု များလာပြီး မြစ်ရေက ကောလာတယ်။ မြစ်အထက် သစ်တောတွေမှာ
ရေဝေလမ်းကြောင်းတွေ ပိတ်လာတယ်။ ဒီတော့ မြစ်အထက် သစ်တောက အရင်လောက် မသန်စွမ်းတော့ဘူး၊ မြစ်အောက်ပိုင်း ဆည်ဆောက်တာကြောင့် မြစ်ကြောင်းကောတာတွေ ရှိလာတယ်။ မြန်မာပြည်မှာက သစ်တောက  သပ်သပ်၊ ဆည်မြောင်းက  သပ်သပ် ဖြစ်နေတယ်။ တခုနဲ့တခု မဆက်စပ်ဘူး။ သဘာဝပတ်ဝန်းကျင်ဆိုတာ အရာအားလုံးနဲ့ ဆက်စပ်နေတာ’’ ဟု ဦးအုန်းက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မြန်မာပြည် အလယ်ပိုင်း
ဒေသများတွင် သောက်သုံးရေ ပြတ်လပ်ခြင်း၊ မန္တလေးတွင် အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်အထိ အမြင့်ဆုံးပူပြင်းခြင်း၊ ရှမ်းပြည်နယ် အင်းလေးကန် စံချိန်တင် ရေခမ်းခြောက်ခြင်း၊ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်တွင် ဂီရိမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီဇင်ဘာတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့၌ လွန်ခဲ့သည့် ၄၄ နှစ်အတွင်း အနိမ့်ဆုံး အပူချိန်အထိ ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် လာမည့် နွေရာသီသည်လည်း အပူပြင်းဆုံး ဖြစ်နိုင်သဖြင့် စောင့်ကြည့်ရမည်ဟု ရန်ကုန်ရှိ မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ဆိုထားပြန်သည်။

’’၂ဝဝ၉ က ၂ဝဝ၈ ရှေ့ပိုင်းတခုလုံးထက် အပူဆုံးနှစ်၊ ၂ဝ၁ဝ ကျတော့ ၂ဝဝ၉ ထက် ပိုပူတဲ့နှစ် ဖြစ်နေတယ်။ ဒီပုံစံအတိုင်းဆိုရင် ၂ဝ၁၁ ဟာ အပူဆုံးနှစ် ဖြစ်မလာဘူးလို့ မပြောနိုင်တဲ့အတွက် အဲဒါကို
စောင့်ကြည့်ဖို့လိုတယ်လို့ ယူဆပါတယ်။ ရာသီဥတုပြောင်းတာက အပူချိန်တက်လို့။ အပူချိန်တိုးတာက ဓာတ်ငွေ့ထုတ်လွှင့်တာများလို့။ ဓာတ်ငွေ့ထုတ်လွှင့်မှု များတယ်ဆိုတာက သဘာဝပတ်ဝန်းကျင် ပျက်လာတာ’’ ဟု မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ဦးအုန်းကလည်း “ လူတွေက မီးသွေးမရှိတော့ သစ်ပင်တွေ ခုတ်တယ်ဗျာ။ ဒီတော့ ရာသီဥတုက ပိုဆိုးလာတယ်။ ဂက်စ်သာ ပေးနိုင်ရင် ဆိုးဝါးလာမှာ မဟုတ်ဘူး။ တိုင်းပြည်မှာက ဂက်စ်က ထွက်နေတာ။ ဒါကိုသာ ပြည်သူကို ပေးနိုင်ရင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းနိုင်မှာ။ နိုင်ငံခြားဝင်ငွေအတွက်ဆိုပြီး သစ်ခုတ်တယ်၊ ရွှေတူးတဲ့နေရာမှာ ဆိုင်ယာနိုက်အဆိပ်တွေ သုံးတယ်။ ဒါတွေကြောင့် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပိုများလာတယ်။ ငါးတွေ ရှားပါးလာတယ်။ ဒါ့အပြင် တခြားရေနေ သတ္တဝါတွေလည်း မျိုးတုန်းလာတယ်။ နောက်ဆိုရင် မြန်မာပြည်မှာ ငါးဆိုတာ ရှားပါးလာတော့မယ်’’ ဟု ဆိုသည်။

ရာသီဥတု ပြောင်းလဲမှု (Climate Change) အတွက် ဒေါ်လာ ၇ သန်းကျော် အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍ ၃ ရပ်အတွက် ၁၈၂ နိုင်ငံမှ အစိုးရများ၊ နိုင်ငံတကာ NGO များ၊ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့များဖြင့် စုပေါင်းထားသည့် Global Environment Facility (GEF) သို့ ယခုနှစ် ဇူလိုင်လတွင် အမေရိကန် ဒေါ်လာ ၁၆ သန်းခန့် တောင်းဆိုသွားရန် ရန်ကုန်အခြေစိုက် စီးပွားရေး တိုးတက်ပြီး ဂေဟစနစ် ဖွံဖြိုးတိုးတက်မှု ECO DAV အဖွဲ့က စီစဉ်နေသည်။

’’ချပေးတဲ့အခါ နိုင်ငံတော် အစိုးရက Climate Change ဆွဲထားတယ်ဆိုရင် Climate Change ထဲမှာ ပါတဲ့ လုပ်ငန်းစဉ်တွေကို သူလုပ်ရမှာပေါ့။ ကြိုတင်သတိပေးစနစ်တွေ ထောင်ချင်လား။ အဲဒါဆိုရင် မိုးစပါးနဲ့ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်တာမျိုးတွေ လုပ်မှာလား၊ ရေနဲ့ပတ်သက်ပြီး သုံးချင်ရင်တော့ ရေပေါ့နော်။ အဲလိုတွေတော့ သုံးရမှာပေါ့’’ ဟု ECO DAV အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက မဇ္ဈိမကို ပြောသည်။

ECODAV ၏ အစီအစဉ်ကို ဦးအုန်းက ’’အခု လုပ်မယ့်အစီအစဉ်ကို ကျနော် ထောက်ခံတယ်ဗျ။ တကယ်တမ်း သဘာဝပတ်ဝန်းကျင်ကို လုပ်မယ်ဆိုရင် ဒီ့ထက်မကတောင် လိုသေးတယ်။ အခု သူတို့ပြောတာက ဒေါ်လာ ၁၆ သန်းမလား။ တကယ်လိုတာက ဒေါ်လာ သန်း ထောင်နဲ့၊ သောင်းနဲ့ ချီပြီးကို လိုတာ’’ ဟု ဆိုသည်။

ECO DAV သည် နည်းပညာတိုးမြှင့်ရေး၊ သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှု၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမကထပြုမှု မြှင့်တင်ပေးသည့် လုပ်ငန်းများအတွက် ၁၉၉ဝ ခုနှစ်များမှစ၍ လှုပ်ရှားလာခဲ့သည်။ ၂ဝဝဝ ခုနှစ်တွင် Myanmar Partnership Act အရ မှတ်ပုံတင်နိုင်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates