Monday, January 3, 2011

မြန်မာလုပ်သားများ ဆန္ဒပြ၊ ထိုင်းအလုပ်ရှင် လိုက်လျော

အောင်မြတ်စိုး | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၉ မိနစ်

(မဇ္ဈိမ) ။       ။ အလုပ်သမား အခွင့်အရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆိုင်ကယ်အပိုပစ္စည်း စက်ရုံမှ မြန်မာလုပ်သားများ ယနေ့ဆန္ဒပြရာ စက်ရုံဘက်က လိုက်လျောခဲ့ကြောင်း အလုပ်သမားများ အဆိုအရ သိရသည်။

စက်ရုံလုပ်ငန်းခွင်သုံး ဝတ်စုံများ ဝတ်ဆင်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြသည့် ဘန်ကောက်မြို့ ဖလန်ဆောင်အရပ် ထပ်ခမ်း ၈ လမ်းရှိ S.Y.K ဆိုင်ကယ် အပိုပစ္စည်းစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်က အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးများကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့ လိုချင်တဲ့ အချက်တွေကို တာဝန်ရှိသူတွေကို ထိုင်းလို ရေးပြီး တောင်းဆိုလိုက်တာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုစိုးက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲကို မနက် ၈ နာရီတွင် စတင်ခဲ့ကာ ဒေသခံ ထပ်ခမ်းရဲစခန်းမှ ရဲအရာရှိများ လာရောက် ညှိနှိုင်းပေးခဲ့သည်။

မနက် ၁၁ နာရီခန့်တွင် အလုပ်သမား ကိုယ်စားလှယ် ၁၀ ဦး၊ နယ်မြေခံ ရဲစခန်းမှူးနှင့် စက်ရုံမန်နေဂျာ ဖိလစ်တို့ တရားဝင် ဆွေးနွေးညှိနှိုင်းပြီး အလုပ်သမားများ တောင်းဆိုသော အချက် ၆ ချက်ကို အပြည့်အဝနီးပါး လိုက်လျောခဲ့ခြင်း ဖြစ်သည်။

အချက် ၆ ချက်တွင် အစိုးရ သတ်မှတ်ထားသော အခါကြီးရက်များတွင် အလုပ်နားခွင့် ရရှိပြီး နေ့တွက် ခံစားခွင့်ပါ ရရှိရေး၊ လုပ်ငန်းခွင်အတွင်း ဖျားနာထိခိုက်မှုများ ဖြစ်ပေါ်ပါက ဆရာဝန်၏ ဆေးလက်မှတ်ဖြင့် အနားယူခွင့် ပြုရေး၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကြောင်း သိသာစေရန် မှတ်တမ်းတင် ကင်မရာများ တပ်ဆင်ပေးခြင်း၊ ယာယီ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့် ပါမစ် (work permit) ပြုလုပ်ရာတွင် အလုပ်သမားတိုင်းအား စက်ရုံမှ တာဝန်ယူ လက်မှတ်ထိုးပေးရေးတို့ ပါဝင်သည်။

ထို့အပြင် အိမ်ပြန်ခြင်းနှင့် အလုပ်ထွက်ရန် ကြိုတင်အကြောင်းကြားရက်ကို ယခင် ရက် ၃ဝ သတ်မှတ်ထားခြင်းအစား ၁၅ ရက်အထိ လျှော့ချပေးပြီး ယခင်က တခါတရံ ပြန်ထုတ်မပေးတတ်သည့် အာမခံကြေးငွေ ဘတ် ၁၀၀၀ အား အဆိုပါ အလုပ်ထွက်သည့်နေ့တွင် ပြန်လည် ထုတ်ပေးရေး၊ လုပ်အားခ ထုတ်ပေးရာတွင် မှန်ကန်မှုရှိမရှိကို ပြန်လည်တင်ပြ တောင်းဆိုခွင့်ပြုရေး စသော အချက် ၆ ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အလုပ်ချိန်နှင့် အလုပ်ရက်များကို ရှင်းတမ်းမထုတ်ဘဲ လုပ်အားခ ပေးချေသောကြောင့် နစ်နာမှုများ ယခင်က ရှိခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ်များက ပြောသည်။

“တချို့တွေက ဒီမှာ ၃-၄ နှစ် ရှိပြီ။ အားလုံးက မတရားမှန်း သိပေမယ့် ဒီလိုပဲ ငြိမ်ခံနေကြရတယ်။ မပြောရဲ မပြောချင်ကြဘူးပေါ့နော်။ အခုလို တောင်းဆိုဖို့ ဒီဇင်ဘာ ၂၉ ရက်နေ့ကတည်းက ကျနော်တို့ အားလုံးကို လိုက်ပြီး စည်းရုံးခဲ့ရပါတယ်" ဟု ကိုစိုးက ပြောသည်။

ရခိုင်လွတ်မြောက်ရေး တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုစိုးက "နိုင်ငံကူးလက်မှတ်တွေ ကိုင်ထားကြတာ။ ပတ်စ်ပို့ရှိတယ်၊ ဗီဇာရှိတယ်။ ကျနော်တို့ကို ရဲတွေက ဖမ်းလို့မရဘူး၊ ဖမ်းပိုင်ခွင့်မရှိဘူးဆိုတာ အားလုံးသိအောင် လိုက်ပြောပြခဲ့ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

S.Y.K. Autopart Import-export Co.,ltd အမည်ရ အဆိုပါစက်ရုံသည် ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ပြီး မြန်မာ ၃၀၀ ကျော် အပါအဝင် အလုပ်သမား ၅၀၀ ခန့် လုပ်ကိုင်နေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates