Thea Forbes
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရနှင့် နီးစပ်သော စီးပွါးရေး ပတ်သက်မှုများရှိသည့် စီးပွါးရေး လုပ်ငန်းရှင် ဦးတေဇ၏ အဲပုဂံ လေကြောင်းလိုင်းကို မြန်မာ့အရေး လှုပ်ရှားသူ အနောက်နိုင်ငံသား တစုမှ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက လေကြောင်း ကုမ္ပဏီဖြစ်သည့် အဲပုဂံ၏ ထိုင်းနိုင်ငံ ချင်းမိုင်ရုံးခွဲ ရှေ့တွင် စစ်အစိုးရနှင့် နီးစပ်သူ လေကြောင်းလိုင်းပိုင်ရှင် ဘီလီယံနာ ဦးတေဇအား နိုင်ငံခြားသား ၉ဦးက ဆန့်ကျင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံကို သွားမယ့် ခရီးသည်တွေကို ဒီ အဲပုဂံ လေကြောင်းလိုင်းကို မစီးအောင် တိုက်တွန်းဖို့နဲ့ အဲပုဂံအနေနဲ့ ထိုင်းနိုင်ငံထဲမှာ အကန့်အသတ်မရှိ စီးပွါးရေး ချဲ့ထွင်လာမှာကို တားဆီးဖို့အတွက် ရည်ရွယ်ပြီး ဆန္ဒပြ ကန့်ကွက်တာ ဖြစ်ပါတယ်” ဟု ဆန္ဒပြအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ Garret Kostin က မဇ္ဈိမသို့ ပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် ချင်းမိုင် အဲပုဂံ ရုံးရှေ့၌ ကြာသပတေးနေ့ နေ့လည်တွင် စုရုံး ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ပိုစတာများ၊ လက်ကမ်းစာစောင်များ ကိုင်ဆောင်၍ ဝစီများ မှုတ်ကာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသမားများ ကြွေးကြော် ဆန္ဒပြသည်နှင့် တပြိုင်နက် အဲပုဂံ ဝန်ထမ်းများသည် ရုံးတံခါးကို အလျင်အမြန် ပိတ်လိုက်ကြသည်ဟု ဆိုသည်။
ထို့နောက် ဆန္ဒပြသူများသည် Loi Kroh လမ်းတလျှောက်နှင့် Thapae ဂိတ် (မြို့ဟောင်းသို့ ဝင်သည့် ရှေးဟောင်း ဂိတ်) တဝိုက်နှင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ရှိတတ်သည့် နေရာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြပြီး ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာတို့နှင့် ရေးသားထားသည့် လက်ကမ်း စာစောင်များအား လမ်းသွားလမ်းလာများနှင့် ခရီးသွား အေဂျင်စီများကို ဖြန့်ဖြူး ဝေငှခဲ့ကြသည်။
ဦးတေဇသည် စစ်အစိုးရနှင့် နီးစပ်သော စီးပွါးရေး ဆက်ဆံမှု ရှိသူတဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ၏ ယုံကြည် စိတ်ချရသူ တဦးလည်း ဖြစ်သည်။
အဲပုဂံ၏ ချင်းမိုင်ရုံးကို ဇူလိုင်လအတွင်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ချင်းမိုင်နှင့် ရန်ကုန်အကြားတွင် အဲပုဂံ လေယာဉ် တပတ်လျှင် နှစ်ကြိမ် ပျံသန်းနေပြီး ချင်းမိုင်-ရန်ကုန် ခရီးစဉ်သည် အဲပုဂံ၏ အရေးပါသော အပြည်ပြည်ဆိုင်ရာ ခရီးစဉ်တခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန မှ ဒါရိုက်တာ ကြည်ကြည်အေးက ချင်းမိုင် သတင်းလွှာသို့ ဇူလိုင်လက ပြောကြားခဲ့ရာတွင် “ဒီ အဲပုဂံ ချင်းမိုင်ရုံးခွဲဟာ ထိုင်း-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးရဲ့ အရေးပါတဲ့ ခြေလှမ်းတခုပါ” ဟု ဆိုသည်။
ဦးတေဇသည် Sun Far Travels & Tours ကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်းတွင် ပျံသန်းမည့် Asia Wing အမည်ရှိ လေကြောင်းလိုင်းအသစ် တခု ဖွင့်လှစ်ရန် စီစဉ်နေသည်ဟုလည်း ဧရာဝတီ သတင်းဌာနက အောက်တိုဘာလ ၈ ရက်နေ့တွင် ရေးသား ဖော်ပြခဲ့သည်။ ဦးတေဇသည် ၄င်းပိုင်ဆိုင်သော အဲပုဂံ လေကြောင်းလိုင်းအား အမေရိကန်နှင့် ဥရောပသမ္မဂ္ဂ (အီးယူ) နိုင်ငံများက စီးပွါးရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားသည့်အတွက် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို ရှောင်ရှားနိုင်ရန် လေကြောင်းလိုင်း အသစ်ကို ထပ်မံ တည်ထောင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
၂ဝဝ၈ခုနှစ် နှစ်ကုန်ပိုင်းက ဗြိတိသျှ ဘဏ်နှင့် အာမခံ ကုမ္ပဏီ Lloyds TSB သည် အဲပုဂံ လေကြောင်းလိုင်း၏ အာမခံ သက်တမ်းကို ထပ်မံတိုးပေးရန် ငြင်းဆန်ခဲ့သည့် အတွက် အဲပုဂံ လေကြောင်းလိုင်းသည် အာမခံ မရှိပဲ ပျံသန်းနေခဲ့ရသည်။ ယခုအခါတွင်မူ အဲပုဂံ လေကြောင်းလိုင်းသည် ရုရှား အာမခံ ကုမ္ပဏီတခုထံမှာ အာမခံ ရယူထားသည်ဟု ယူဆရပေသည်။
အဲပုဂံ ရန်ကုန်ရုံးသည် ယခု ဖြစ်ပွါးခဲ့သည့် ကိစ္စအတွက် ထင်မြင်ချက် တစုံတရာ ပေးခဲ့ခြင်း မရှိပေ။