ဘန်က မြန်မာ့အရေး တရုတ်နဲ့ ဆွေးနွေး

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။     ။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး Yang Jiechi ကို မြို့တော်ရှန်ဟိုင်း၌ ယမန်နေ့က တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

AFP သတင်းဌာနသို့ ပေးပို့သည့် ကုလသမဂ္ဂ ကြေညာချက်ထဲတွင် ’’နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ နျူလက်နက် မပြန့်ပွားရေးအပြင် ကိုရီးယားကျွန်းဆွယ် အခြေအနေ၊ မြန်မာ၊ ဆူဒန် အရေးကိစ္စများကိုပါ ဆွေးနွေးခဲ့တယ်’’ ဟု ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုထားသည်။ သို့သော် ဆွေးနွေးချက် အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပါ။

ပြီးခဲ့သည့် တပတ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးသို့ မစ္စတာဘန် သွားရောက်စဉ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများ ပါဝင်ခွင့် မရခြင်းနှင့် ဒီမိုကရေစီ နည်းလမ်းတကျ မဖြစ်ခြင်းကြောင့် အနောက်နိုင်ငံများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက စစ်အစိုးရ ရွေးကောက်ပွဲကို ဝေဖန်နေကြသည်ဟု AFP တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ကုလလုံခြုံရေးကောင်စီတွင် ပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် ဆွေးနွေးတိုင်း တရုတ်နိုင်ငံသည် ဗီတိုအာဏာသုံးကာ ပယ်ချလေ့ရှိသည်။

မစ္စတာဘန်သည် တရုတ်နိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ကုန်စည်ပြပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ တက်ရောက်မည် ဖြစ်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး