နအဖ တပ်စခန်းကို ဒုတိယအကြိမ် ကရင်နီတပ် ဝင်တိုက်

စိုင်းဝမ်မိုင်း
ချင်းမိုင် (မဇ္ဈိမ) -  လွိုင်ကော်မြို့နယ်ရှိ မြန်မာ တပ်စခန်းကို ယခင်အပတ်က ကရင်နီတပ်များ ဝင်တိုက်ခဲ့ကြောင်း ၄င်းအဖွဲ့ အဆိုအရ သိရသည်။

လွိုင်ကော်အရှေ့ဘက် ၈ မိုင် (၁၃ ကီလိုမီတာ) ကွာ နမ့်ပွန်ချောင်း အနောက်ဖက် အမှတ် ၇၂ ခြေမြန်တပ်ရင်း တပ်စခန်းကို ကရင်နီတပ်ဖွဲ့များ အရင်အပတ် အင်္ဂါနေ့ကတိုက်ခဲ့သည် ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သတင်းရပ်ကွက်က မဇ္ဈိမ ကိုပြောသည်။

မြန်မာစစ်သား ၁၇ ဦးနှင့် ကရင်နီ တပ်သားတဦး တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး မြန်မာစစ်သား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ကေအန်ပီပီ ဘက်က ဆိုသည်။

အောက်တိုဘာ ၁၆ ရက်က လွိုင်ကော် ဒေါတမူးကြီးရွာရှိ အမှတ် ၂၄၇ ခြေလျင် တပ်ရင်းကိုလည်း  ကရင်နီတပ်ဖွဲ့များ အလစ်ဝင်တိုက်ရာ မြန်မာစစ်သား ၄ ဦးကျဆုံးပြီး မြန်မာစစ်သားများထံမှ လက်နက်များကိုလည်း ကရင်နီတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။ ထိုတိုက်ပွဲအပြီး စစ်အစိုးရ တပ်များက ရွာသူကြီးနှင့် လက်ထောက်တဦးကို ဖမ်းဆီးခဲ့သည်။ ကျဆုံးသွားသူများ နှင့် ဆုံးရှုံးသွားသော လက်နက်များအတွက် လျော်ကြေးပေးရန် မြန်မာစစ်တပ်က ရွာသားများကို အမိန့်ပေးခဲ့သည်။

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများနှင့် ထိုတိုက်ခိုက်မှုများ ဆက်စပ်မှု ရှိမရှိ မဇ္ဈိမ က ကေအန်ပီပီ အဆင့်မြင့် အရာရှိတဦးကိုမေးမြန်းရာ ရွေးကောက်ပွဲနှင့် မဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

`မြန်မာစစ်တပ်ကို တိုက်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပါပြီ။ ဒါရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး တိုက်ပွဲက ဆက်ရှိနေမှာပါ´ဟု သူက ပြောကြားသည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနှင့် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲများသည် အတုအယောင်သာဖြစ်ပြီး လွတ်လပ်မျှတမည်လည်း မဟုတ်ဟု ကေအန်ပီပီ က ထပ်ပြောခဲ့သည်။

ကရင်နီ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ ဖြစ်ကြသော ကရင်နီ လူမျိုးပေါင်းစုံ လွတ်လပ်ရေး တပ်မတော် (KNPLF) နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်မတော် (KNSO) တို့ ဤရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပါတီ မထောင်ခဲ့ကြပါ။

ကေအန်ပီပီ ကို ကရင်နီ တပ်မတော်၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ၁၉၅၇ က တည်ထောင်ခဲ့သည်။ KNPLF နှင့် KNSO တို့ကို မြန်မာစစ်တပ် ကွပ်ကဲမှုအောက်က နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းဖွဲ့ခဲ့ပြီးနောက် ကေအန်ပီပီသာ မြန်မာ စစ်အစိုးရကို ဆက်တိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ကျန်ရှိသည်။

ဤအတောအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) စသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ကေအန်ပီပီ မဟာမိတ်ဖွဲ့ထားသည်။ ထိုင်းမြန်မာ နယ်စပ်က အင်အားကြီးမားသော အခြေခံစခန်းများကို ဤတိုင်းရင်းသား လက်နက်ကိုင်တပ်များက  ဆက်ထိန်းထားသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး