Wednesday, November 3, 2010

ကြံ့ဖွံ့က ကြိုတင်မဲ ကောက်နေ

ဆလိုင်း ဟံသာစန်း
နယူးဒေလီ (မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲများ ကောက်ခံနေစဉ်  ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ရန်ကုန်တိုင်း မြို့နယ်အချို့တွင် အိမ်တိုင်ယာရောက် လိုက်လံ ကောက်နေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

အင်းစိန်နှင့် တောင်ဒဂုံ မြို့နယ်အတွင်း ပြီးခဲ့သည့်တပတ်မှစ၍ ကြံ့ဖွံ့ပါတီဝင်များက တအိမ်တက် တအိမ်ဆင်းဖြင့် ၎င်းတို့ပါတီကို အမှန်ခြစ်ပြီး မဲထည့်ရန်  လိုက်လံကောက်ခံနေကြောင်း သိရခြင်း ဖြစ်သည်။

“ကျမတို့အိမ်ကို လာကောက်တယ်။ ကြံ့ဖွံ့ပါတီ မဲပေးရမယ်ဆိုပြီး အမှန်ခြစ်ဖို့လာတာ။ အိမ်ကလူတွေက တယောက်မှ မပေးတော့ စိတ်ညစ်ပြီး ပြန်သွားတယ်” ဟု အင်းစိန်မြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အင်းစိန်တွင် အမျိုးသားလွှတ်တော်အတွက် ဆိုလျှင်ပင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကြံ့ဖွံ့၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်။

တောင်ဒဂုံ ဒေသခံတဦးကလည်း “ကျနော်တို့ ရပ်ကွက်ထဲမှာ မနေ့က လာကောက်တယ်။ သူတို့က ကြံ့ဖွံ့ပါတီဘေးက အကွက်ထဲမှာ အမှန်ခြစ်ခိုင်းတာ။ အတင်းကို ခြစ်ခိုင်းတာ။ ဒါပေမဲ့ မထည့်ကြတာ များတယ်” ဟု ပြောသည်။

၎င်းတို့၏ ပါတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူအချို့နှင့် အမတ်လောင်းများက ကြံ့ဖွံ့ပါတီ ကြိုတင်မဲကောက်ခံနေကြောင်း ပါတီရုံးချုပ်သို့ အကြောင်းကြားကြသည်ဟု ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ဆိုသည်။

သူက ဆက်ပြီး “ပါတီတွေက ကြိုတင်မဲကောက်ခွင့် မရှိပါဘူး။ အခုလိုလုပ်တာဟာ ဥပဒေနဲ့ မညီပါဘူး” ဟု ပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့မှနေ၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ ဆွေမျိုးအိမ်သို့ လာရောက်နေထိုင်ကာ တက္ကသိုလ် တက်သူ ချင်းအမျိုးသား လူငယ်တဦးကလည်း ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ယင်းမြို့နယ် ကော်မရှင်ရုံးသို့ ကြိုတင်မဲသွားပေးခဲ့ရာ တာဝန်ရှိသူများက ၎င်းကိုယ်စား ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ကြောင်း ပြောသည်။

“ကြိုတင်မဲကို ကိုယ့်ဆန္ဒနဲ့ကိုယ်ပေးလို့ မရဘူးဗျတဲ့။ ဘာကြောင့်လဲမေးတော့ အထက်က ညွှန်ကြားတာလို့ ရုံးစောင့်တဲ့သူတွေက ပြောတယ်။ အဲဒါနဲ့ ကျနော်က မပေးတာ့ဘူးလုပ်တော့ သူတို့က ကျနော့်ကိုယ်စား အစိုးရပါတီကို ကျနော့်ရှေ့မှာတင် အစားထိုး မဲပေးလိုက်တယ်” ဟု သူက ပြောသည်။

ထို့ပြင် တနင်္သာရီတိုင်း ကော့သောင်းမြို့၌ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ကြမည့် ရေလုပ်သားများကို ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးများနှင့် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကြိုတင်မဲများကို ယခုလ ၂၇ ရက်နေ့မှစ၍ အဓမ္မ ထည့်ခိုင်းနေသည်။

ရေလုပ်သားများသည် ယခင်က မြို့နယ် ငါးဦးစီးရုံး၌ လက်မှတ်ထိုးကာ ပင်လယ်ထွက်နိုင်သော်လည်း ယခုအခါ ပင်လယ်ထွက်လိုပါက ရပ်ကွက်ကော်မရှင်ရုံး၌ ဦးစွာကြိုတင်မဲပေးရသည်။

ထို့နောက် ကော်မရှင်ရုံးက မဲပေးပြီးကြောင်း ထောက်ခံစာထုတ်ပေးပြီး ၎င်းစာပါမှသာ ငါးဦးစီးက ပင်လယ်သို့ ထွက်ခွင့်ပြုသည့်နည်းဖြင့် ရေလုပ်သားများထံမှ ကြိုတင်မဲများကို အဓမ္မ ကောက်ခံနေခြင်း ဖြစ်သည်။

“ပင်လယ်ထဲ လှေလိုက်မယ့်လူတွေကို ၂၇ ရက်နေ့စပြီး မဲထည့်ခိုင်းနေတာ။ အခုလည်း ထည့်မယ့်လူတွေလည်း ထည့်သေးတယ်။ မပြီးသေးဘူး။ မထည့်ဘဲနေရင် မလိုက်ရဘူး။ ထည့်မှ လိုက်ရတယ်” ဟု ကော့သောင်းမြို့မှ စက်လှေပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းဆိပ်ကမ်းအနီးမှ ကုန်စုံဆိုင်ပိုင်ရှင်တဦးက “ဒီမှာက ပါတီက ပြည်ခိုင်ဖြိုးနဲ့ တစည ၂ ခုပဲ ရှိတာလေ။ ဒီ ၂ ခုထဲက တခုခုကို မဲပေးပြီးမှ လှေထွက်ခိုင်းတယ်” ဟု ပြောသည်။

ကော့သောင်းမြို့တွင် ပြည်သူ့လွှတ်တော်၌ ကြံ့ဖွံ့ပါတီမှ ဦးမြင့်ထွန်းနှင့် တစည ပါတီမှ ဦးသောင်းရှိန်၊ အမျိုးသား လွှတ်တော်၌ ကြံ့ဖွံ့ပါတီမှ ဦးလှစိုးနှင့် တစညပါတီမှ ဦးညွန့်တင်အေးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အကယ်၍ မဲမပေးဘဲ ငါးဖမ်းစက်လှေ ထွက်ခွါခဲ့ပါက ပင်လယ်ဝတွင် စောင့်ကြပ်နေသည့် ရေလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က စက်လှေကို ကော့သောင်းမြို့သို့ ပြန်ဝင်ပြီး မဲပေးကာ ထောက်ခံစာယူခိုင်းကြောင်း မြို့ခံများက ပြောသည်။

“သူငယ်ချင်းတယောက်ဆိုရင် ကျနော်က ဒီပါတီ ၂ ခုစလုံးကို မကြိုက်ဘူး။ ဘယ်လိုလုပ်ရမလဲလို့ ကော်မရှင်ရုံးက လူတွေကိုမေးတော့ အဲလိုတော့ မရဘူး။ ၂ ခုထဲက တခုတော့ ရွေးရမယ်လို့ ပြောတယ်” ဟု ရွှေပြည်သာရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။

ငါးဖမ်းသည့်အလုပ်ဖြင့် အသက်မွေးကြသည့် ကော့သောင်းမြို့ရှိ ထောင်နှင့်ချီသော ရေလုပ်သားများသည် ပင်လယ်ထွက်ခွင့် ရရေးအတွက် ပါတီများ၊ လွှတ်တော်အမတ်လောင်းများနှင့် ရွေးကောက်ပွဲအကြောင်း မသိသော်လည်း ကြိုတင်မဲ ပေးခဲ့ကြကြောင်း မြို့ခံများက ဆိုသည်။

“ဒီထောက်ခံစာမရရင် လုပ်ငန်းက ဆက်လုပ်လို့ မရဖြစ်သွားပြီ။ သူတို့အတွက်က အလုပ်လုပ်ရဖို့ အရေးကြီးတယ်လေ။ အဲတော့ မဲပေးခဲ့ကြတာပေါ့” ဟု ရွှေပြည်သာရပ်ကွက်မှ မြို့ခံက ပြောသည်။

ရေလုပ်သားများကို ကြိုတင်မဲကောက်ခံခြင်းနှင့် ပတ်သက်၍ ကော့သောင်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ဒု - ဦးစီးမှူးဖြစ်သူက ဖြေဆိုရန်ငြင်းဆန်ခဲ့ပြီး ရေလုပ်ငန်းကုမ္ပဏီများကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။

မဲဆန္ဒရှင်၏ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ ကော်မရှင်ရုံးများနှင့် အာဏာပိုင်များက ယခုလို အတင်းအကျပ် မဲပေးခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောသည်။

“ရွေးကောက်ပွဲ ဥပဒေမှာ ကြိုတင်မဲ ပေးလိုက ပေးနိုင်တယ်။ မပေးလိုဘူး၊ မဲမပေးဘူးဆိုရင် မပေးဘဲ နေပိုင်ခွင့် ရှိတယ်။ မဲပေးပြီးမှ သွားရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် မရှိဘူး။ ကျနော်တို့ ဘယ်သူ့ကိုမှ မဲမပေးလိုဘူးဗျာလို့ ပြောရင်လည်း သူတို့ဘာမှ ပြောပိုင်ခွင့် မရှိဘူး” ဟု သူက ပြောသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁ ၊ အပိုဒ် ၂ ၊ အပိုဒ်ခွဲ (ဎ) တွင် မဲဆန္ဒရှင်တဦးသည် ရွေးကောက်ပွဲ၌ မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲမပေးဘဲ နေနိုင်သော အခွင့်အရေးရှိကြောင်း ဖော်ပြထားသည်။

ယခုလို ကြိုတင်မဲ အဓမ္မထည့်ခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေချိုးဖောက်ခြင်း ဖြစ်သဖြင့် မဲဆန္ဒရှင်များက မြို့နယ်ကော်မရှင်ရုံးသို့ လိပ်မူတိုင်တန်းနိုင်ကြောင်း ဦးအောင်သိန်းက ပြောဆိုသည်။

“ကျနော်တို့မှာ မဲပေးလိုတဲ့ ဆန္ဒမရှိဘူး။ ၂ ဖွဲ့လုံးကို အယုံအကြည်မရှိဘူး။ ဘယ်သူ့ကိုမှ မဲမပေးလိုဘူး။ ဒါကြောင့် ကျနော်တို့ ဘာသာသွားတယ်။ အဲဒါကို သွားခွင့်မပြုဘဲ မဲပေးပြီးမှ သွားရမယ်လို့ ပြောတယ်။ ဒါဟာ ကျနော်တို့ကို အဓမ္မ မဲထည့်ခိုင်းတာဖြစ်တဲ့အတွက် တိုင်တန်းပါတယ်ဆိုပြီး မြို့နယ်ကော်မရှင်ကို တိုင်လို့ရပါတယ်” ဟု သူက ပြောသည်။

ရေလုပ်သားများသည် မိုးလေကင်းလွတ်သည့် သီတင်းကျွတ်လပြည့်ကျော်ကာလ (အောက်တိုဘာလကုန်ပိုင်း) မှ  မိုးဦးကျကာလ (ဧပြီလကုန်ပိုင်း) အထိ ပင်လယ်ပြင်သို့ ၁၅ ရက်တကြိမ် ငါးဖမ်းထွက်လေ့ရှိကြသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ယခုလ ၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ တွင် အကျုံးဝင်သူများ ကြိုတင်မဲဆန္ဒပေးဖို့ စီစဉ်ပေးရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ပြီးခဲ့သည့်လကုန်ပိုင်းက အကြောင်းထားကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates