ဆလိုင်း ဟံသာစန်း နယူးဒေလီ (မဇ္ဈိမ) ။ ။ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့အနီး စလင်းဆည်က ယခုလ ၂၃ ရက်နေ့တွင် ရေဖောက်ချခဲ့သဖြင့် ရွာပေါင်း ၃ဝ ခန့်မှ ဟင်းသီးဟင်းရွက်စိုက်ခင်း အနည်းဆုံး ဧက တထောင်ခန့် ရေနစ်မြုပ်ပျက်စီးကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ဂီရိမုန်တိုင်းသည် ယခုလ ၂၂ ရက်နေ့ ညတွင် ဆင်ဖြူကျွန်းသို့ တနာရီ မိုင် ၅ဝ ခန့်ဖြင့် မိုးသက်လေပြင်း ကျရာမှ နောက်တရက် နံနက်တွင် စလင်းဆည် ရေဖောက်ချခဲ့သည့်အတွက် ဆည်အနီးရှိ နွယ်တမယ်၊ ကံရွာ၊ အိုးသည် စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၃ဝ ခန့် မှ စိုက်ခင်းများ ပျက်စီးခဲ့ခြင်း ဖြစ်သည်။
“အခုချိန်က ဆောင်းသီးနှံတွေ ပျိုးတဲ့ကာလလေ။ ပျိုးထားတဲ့ ဟာတွေက အကုန်လုံး ရေထဲ ပါကုန်တော့တာပေါ့။ ဘာမှ မရတော့ဘူး။ စလင်းချောင်းရိုး တလျှောက်လုံးမှာရှိတဲ့ ရွာတွေပေါင်းလိုက်ရင် ပျက်စီးတာ ဧက ၁ဝဝဝ ကျော်တယ်” ဟု ဆင်ဖြူကျွန်း မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ဆင်ဖြူကျွန်းမြို့နှင့် အနီးတဝိုက်တွင် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မုံလာဥနီ၊ ဆလပ်ရွက်၊ မုန်ညှင်း၊ မုံလာဥ၊ ပန်းဂေါ်ဖီ၊ အာလူးနှင့် ပဲသီး ဟင်းသီးဟင်းရွက်များ အဓိက စိုက်ပျိုးကြသည်။ ရေလွှမ်းသဖြင့် ယာသမား၊ ကိုင်းသမား တောင်သူများ၏ သီးနှံမျိုးစေ့များ၊ ကျွဲနွားများနှင့် ထွန်ယက် စိုက်ပျိုးစရိတ်များ ဆုံးရှုံးခဲ့ကြသည်။
“တချို့ဆို အိမ်တွေ ရေထဲပါသွားတယ်။ ကျွဲနွားတွေ ပါသွားတယ်။ အဲတော့ ဒီနှစ်က အသီးအနှံ ထွက်မှာ မဟုတ်တော့ဘူး။ အခုချိန်ကျမှ ပြန်စိုက်မယ်ဆိုတော့လည်း ရင်းနှီးစိုက်ထုတ်ဖို့ ငွေမရှိကြဘူး။ အချိန်လည်း နောက်ကျနေပြီ” ဟု မြို့ခံက ဆက်ပြောသည်။
သို့သော် အန်ဂျီအိုများ၊ အလှူရှင်များနှင့် စစ်အစိုးရက ထွန်ယက် စိုက်ပျိုးစရိတ်များ၊ သီးနှံမျိုးစေ့များ ကူညီပေးပါက သီးနှံများ အမြန်ဆုံး ပြန်စိုက်နိုင်မည်ဖြစ်သဖြင့် တောင်သူများ၏ စားဝတ်နေရေး ပြေလည်မည်ဖြစ်သဖြင့် အမြန်ဆုံး ကူညီပေးစေလိုကြောင်း သူက ပြောသည်။
ဆင်ဖြူကျွန်း အရှေ့မြောက်ဘက် ၂၅ မိုင်ခန့်အကွာရှိ ဆည်ရေဖောက်ချမှုကြောင့် မြို့အနောက်ဘက် သုံးပင်တောင်၊ သုံးပင်မြောက်၊ ပရိက္ခရာ အပါအဝင် ရပ်ကွက် ၇ ခုတွင်လည်း ရေများ ဝင်ရောက်ခဲ့သည်။
“ကားလမ်းမက ဆင်ဖြူကျွန်းရဲ့ တောင်မြောက် ဖောက်ထားတာ။ လမ်းရဲ့ အနောက်ဘက်ခြမ်းက မြေနိမ့်ပိုင်းလည်းဖြစ်၊ စလင်းချောင်းနဲ့လည်း နီးတော့ အဲဒီရပ်ကွက်တွေကို ရေဝင်တာ။ ၅ ပေခွဲလောက် အထိကို ရေမြုပ်တယ်” ဟု သုံးပင်မြောက်ရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။
ထို့ပြင် ရေလွှမ်းမိုးမှုကြောင့် ဆင်ဖြူကျွန်း-ချောက် ဆက်သွယ်ထားသည့် လမ်းပိုင်းမှ နွယ်တမယ်ရွာအနီးရှိ တံတား၏ ချဉ်းကပ်လမ်း မြေသားများမှာ ၂၃ ရက်နေ့တွင် ပြိုကျခဲ့သဖြင့် ချောက်နှင့် ဆင်ဖြူကျွန်း ကားလမ်း အဆက်အသွယ်များ ယနေ့ထိ ပြတ်တောက်နေသည်။
“ရေလွှတ်တာကို လုံးဝ မသိကြဘူး။ ၂၃ ရက်နေ့ လပြည့်နေ့ကြီးပေါ့။ မနက် ၉ နာရီ၊ ၁ဝ နာရီလောက်မှာ ရေတွေ ရောက်လာတာပဲ။ အိမ်ထဲကိုဝင်တာ လူတရပ် မြုပ်တယ်။ ၅ ပေ နီးပါးလောက် ရှိတယ်။ အိမ်ထဲက ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးတာတွေ အများကြီးပေါ့” ဟု သုံးပင်တောင်ရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။
ရေဘေးဒုက္ခသည်များသည် ကုန်းမြင့်ပိုင်းရှိ ရေလွတ်ရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ အသိမိတ်ဆွေ နေအိမ်များနှင့် အာဏာပိုင်များ ဖွင့်လှစ်ထားသည့် မြကျောက်ဆည် ဓမ္မာရုံတွင် ခိုလှုံနေကြရသည်။
ဒုက္ခသည်များကို မြို့ခံများက ဆန်ပြုတ်၊ ထမင်းထုပ်များ ကူညီပေးဝေကြသော်လည်း စစ်အစိုးရနှင့် အခြားမြို့ရွာများမှ လူမှုရေးအသင်းများ၊ စေတနာရှင်များမှ တစုံတရာ လာရောက်ကူညီသည်ကို မတွေ့ရကြာင်း သုံးပင်တောင်ရပ်ကွက်မှ မြို့ခံက ဆိုသည်။
“တကယ်ဆိုရင်ဗျာ၊ နောက် ၂၄ နာရီအတွင်း ရေလွှတ်မယ် ဘာညာဆိုပြီး ကြိုပြောရင် ပြင်ဆင်စရာရှိတာ ပြင်ချိန်ရတာပေါ့။ အခုတော့ ရေတွေရောက်လာမှ သိရတယ်။ ရေစီးအားက သိပ်သန်တာ။ တနာရီအတွင်းကို ရေပြင်ကြီး ဖြစ်သွားတာ။ ဒီကိစ္စကို မြို့လူထုက မကျေနပ်ဘူး။ ပျက်စီးဆုံးရှုံးတာ များတာကိုးဗျ” ဟု သူက ပြောသည်။
ယခုအခါ ရေအနည်းငယ် ပြန်ကျသဖြင့် ဒုက္ခသည်အချို့မှာ နေအိမ်များသို့ ပြန်ကြသော်လည်း ရေကျန်နေသေးသည့် ရပ်ကွက်များမှ ဒုက္ခသည်ပေါင်း ၁ဝဝဝ ကျော်မှာ စခန်းများတွင် ယနေ့တိုင် ခိုလှုံနေကြဆဲ ဖြစ်သည်။
ရေကျသဖြင့် ဒုက္ခသည်အချို့ ပြန်ကြသော်လည်း ပျက်စီးသွားသည့် နေအိမ်များ ပြင်ဆင်ရန်၊ ရေတွင်း ရေကန်များမှာ ရွှံ့ရေများပြည့်ကာ ပျက်စီးခဲ့သဖြင့် သောက်သုံးရေ ရရှိရန်၊ အဝတ်အထည်များနှင့် စားသောက်စရာများ လိုအပ်နေသေးကြောင်း မြို့ခံများက ပြောသည်။
ယခုလ လလယ်ပိုင်းကလည်း မန္တလေးမြို့ မြောက်ဘက်ရှိ ဆည်တော်ကြီးနှင့် ဆည်တော်လေးဆည်တို့မှ ရေဖောက်ချခဲ့သဖြင့် မန္တလေးမြို့ပေါ်ရှိ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေစသည့် မြို့နယ်ကြီး ၃ ခုမှ ရပ်ကွက် ၈ ခုထက်မနည်း ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။
ဆင်ဖြူကျွန်းရှိ သီးနှံစိုက်ခင်းများ ပျက်စီးမှု၊ ရေလွှမ်းမိုးခံရမှုနှင့် ပတ်သက်၍ ယမန်နေ့နှင့် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် တစုံတရာ ဖော်ပြထားခြင်း မရှိပါ။