ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်ကို ယနေ့ မနက်က ရဲက ရုတ်တရက် ဝင်စစ်ကြောင်း ဒေသခံများက ပြောသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်ကို နံနက် ၂ နာရီခန့်က အမှတ် ၁ ရဲစခန်းမှ ရဲအုပ် စိုးမင်းဦး ခေါင်းဆောင်သော ၄ ဦးနှင့် ရာအိမ်မှူး ဦးရှနန်ဇော်လတ်တို့ ရောက်ရှိလာပြီး ၁ နာရီခန့်ကြာ စစ်ဆေးခဲ့သည်။
“ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်လာတယ်၊ အိပ်နေတဲ့ အိမ်သား အကုန်လုံးကို နိုးပြီးတော့ စုထိုင်ခိုင်းတယ်။ အရင် ပေးထားတဲ့ စာရင်းနဲ့ တူမတူ စစ်ဆေးကြည့်တယ်။ မိသားစုအကြောင်းတွေ မေးတယ်”ဟု အိမ်နီးချင်းတဦးက မဇ္ဈိမကိုပြောသည်။
ကချင်စစ်တပ်ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်တွင် မိဘမဲ့ကလေး ၁ဝ ယောက်ကျော် နေထိုင်ပြီး ဆွေမျိုးဖြစ်သူ ဦးနော်အောင်က စောင့်ရှောက် ပေးနေကြောင်း သူက ပြောသည်။
အင်ဘန်လအောင်သည် စက်တင်ဘာ ၃ ရက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်မခံကြောင်း လိုင်ဇာမြို့ လူထု စည်းဝေးပွဲတွင် ဟောပြောခဲ့သည်။
လက်ရှိ ကေအိုင်အိုနှင့် စစ်အစိုးရအကြား ဆက်ဆံရေး ပြတ်တောက်နေချိန် မနေ့ကလည်း တနိုင်းမြို့ ကေအိုင်အို ဆက်ဆံရေးရုံးကို ယခုလကုန် နောက်ဆုံးထား ပြောင်းရန် မယကဥက္ကဋ္ဌက ညွှန်ကြားလိုက်သည်။
ထို့ပြင် မြစ်ကြီးနားဆက်ဆံရေးရုံးနှင့် ကေအိုင်အိုအဖွဲ့ဝင်များ နေအိမ်ဝန်းကျင်တွင်လည်း ရဲက စောင့်ကြည့်နေသည်ဟု ကချင်အဖွဲ့ဝင်များက ပြောသည်။