မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၅ မိနစ်
မြန်မာပြည်တွင် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများကို အကောင်း မပြောကြမှာကတော့
သေချာသည်။ ရွေးကောက်ပွဲသည် မျှတမှုရှိမည် မဟုတ်ဟုဆိုကာ မြန်မာပြည်၏ အဓိက အတိုက်အခံ ပါတီကြီးကလည်း သပိတ်မှောက်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ထိုသို့ မြန်မာပြည်တွင် ဖြစ်ပေါ်လာတော့မည့် ရွေးကောက်ပွဲနိုင်ငံရေး၏ သန္ဓေသားအဆင့်တွင် အတိဒုက္ခ ရောက်နေရရှာသော မြန်မာလူထုကြီးအတွက် အပြုသဘောဆောင်သည့် အချက်ကလေးများရော ထွက်ပေါ်မလာနိုင်ပေဘူးလား။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးတရားစွဲဆိုခြင်း မပြုလုပ်ရန် မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးက ထိုင်းအလုပ်သမားဝန်ကြီးကို ပြောကြား တိုက်တွန်းခဲ့သည်ကို မြန်မာရွှေ့ပြောင်း အလုပ်သမားများက ယခုနှစ် ဇူလိုင်လလယ်က သတိထား ကြိုဆိုလိုက်ကြသည်။
ဤသို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် မြန်မာအာဏာပိုင်တဦးက ကရုဏာရှေ့ထား၍
ထောက်ခံပြောဆိုလိုက်ခြင်းသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်ဟု ပြည်ပရောက် စင်ပြိုင်အစိုးရဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB က ပြောသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော်အနက် လူ ၉ သိန်းတွင်သာ ထိုင်းနိုင်ငံက ထုတ်ပေးထားသည့် တရားဝင် နေထိုင်ခွင့်လက်မှတ်များ ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းပြောဆိုနေချိန်တွင် ယခုကဲ့သို့ မြန်မာအရာရှိတဦး၏ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုင်းအာဏာပိုင်များက ထိုကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို ရိုးသားစွာ အသိအမှတ်ပြု ပေးခဲ့သည့်အတွက်လည်း ပိုမိုအံ့သြတုန်လှုပ်ခဲ့ကြရသည်။
အလုပ်သမား အခွင့်အရေးဆိုသည်မှာ မြန်မာနိုင်ငံတွင် ကြာမြင့်စွာကတည်းကပင် မပြောအပ်သည့် အကြောင်းအရာတရပ် ဖြစ်နေခဲ့သည်။ ထိုအချိန်မှာပင် အစိုးရနှင့် ထိုအစိုးရ ပြန်လည် ဝင်စားထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့အတွက် အဆိုပါ အလုပ်သမား အခွင့်အရေးကိစ္စသည် သူတို့အတွက် လာမည့်ရွေးကောက်ပွဲတွင် မဲဆွယ်စရာ၊ မဲရနိုင်စရာ အကြောင်းအရာတရပ် ဖြစ်၍လာပြန်သည်။
ယခုကဲ့သို့ စစ်အစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ထူးခြားစွာ ထောက်
ပြောဆိုပြလိုက်မှုကို စစ်အစိုးရ၏ အင်္ကျီစ ဆွဲလိုက်နေသော USDP ကိုယ်စားလှယ်များကလည်း သူတို့တွင်လည်း ထိုသို့ အလုပ်သမားများ၏ အခွင့်အရေးကို ပြည်တွင်းတွင်
မြှင့်တင်လုပ်ကိုင် ထောက်ခံမည့် အစီအစဉ်များ ရှိပါသည်ဟု ဆိုသည်။
ပါတီခေါင်းဆောင်များအကြား ဖြန့်ဝေခဲ့သော USDP ၏ ညွှန်ကြားလွှာတွင် ပါတီအနေဖြင့် တိုင်းပြည်တဝှန်းတွင် လူမှုဖူလုံရေး လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ပေးမည့် အစီအစဉ်များရှိကြောင်းနှင့် အလုပ်သမား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အလုပ်သမား ဥပဒေများကို ပြင်ဆင်ပေးရန်ရှိကြောင်း သတင်းစကားများကို လူထုကြားတွင် ဖြန့်ရန် ပြောကြားထားသည်။
ရွေးကောက်ပွဲသည် တိုင်းပြည်တွင်းတွင် စစ်တပ်အုပ်ချုပ်ရေး ပိုမိုခိုင်မြဲရန် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ယူဆပြောဆိုနေချိန်တွင် ယခုလို ကတိစကားများသည် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပြောကြားသော အနှစ်မရှိသည့် ဗလာစကားများသာ ဖြစ်သည်ဟု အလွယ်တကူပင် သံသယဖြင့် တုံ့ပြန်ကြပါလိမ့်မည်။
သို့သော် ပြည်တွင်းပြည်ပတွင် အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးအတွက်လုပ်ဆောင်ကြလျှင် အဆိုးဆုံးဆုံးအခြေအနေမှ အကောင်းတခုပေါ်ထွက်ခြင်းဟု ဆိုရပါလိမ့်မည်။
မြန်မာပြည်သူလူထုကြီး၏ ကောင်းကျိုးချမ်းသာအပေါ် စေတနာထားသူမှန်လျှင် ထိုကဲ့သို့ ဖြစ်ထွန်း တိုးတက်မှုများ ပေါ်ပေါက်လာပါက မည်သူမျှ မျက်နှာလွှဲခဲပစ် လုပ်၍ရမည် မဟုတ်ပေ။ အလုပ်သမား အခွင့်အရေးများအပေါ် ဆန့်ကျင်ရပ်တည်ခဲ့မိပါက ပြိုင်ဘက်နိုင်ငံရေးပါတီများအပေါ် ရှုံးနိမ့်ရပေလိမ့်မည်။
မယ်မယ်ရရ ပြောစရာ ပြစရာ မူဝါဒဟူ၍ မရှိသည့် မြန်မာ့နိုင်ငံရေးဝန်းကျင်တွင် အနိမ့်ဆုံးအားဖြင့် ပြောရလျှင် USDP သည် သူ၏ နိုင်ငံရေးအရ ရင့်ကျက်မှုကို ပြသနိုင်ခဲ့သည်ဟုဆိုသော် ရနိုင်ကောင်း ပါသည်။
ဒါဆို မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကရော လွတ်လပ်မျှတမှု ရှိပါမည်လား။ မရှိပါ။ သို့သော် မြန်မာပြည်သူလူထုအတွက် အရာခပ်သိမ်းကိုတော့လည်း ဆုံးရှုံးစရာ မရှိပါ။