ရွေးကောက်ပွဲဝင်မရ ပါတီဆုံး

ဖနိဒါ | သောကြာနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၁၀ မိနစ်

ချင်းမိုင်(မဇ္စျိမ)။     ။ ပါတီထူထောင်ခွင့်နှင့် ရွေးကောက်ပွဲ ဝင်ခွင့်မရသည့်အဆုံး  ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP)  ပါတီလုပ်ငန်းများ ရပ်ဆိုင်းကြောင်း မနက်ဖြန် တရားဝင် ကြေညာမည်ဟု ပါတီအတွင်းရေးမှူး ဦးတူးရော်က ပြောသည်။

ဒေါက်တာ တူးဂျာအပါ ဗဟိုကော်မတီဝင် ၃၉  ဦးဖြင့် KSPP ကို ထူထောင်ခဲ့သော်လည်း  ကော်မရှင်က ခွင့်မပြုသဖြင့် ဖျက်သိမ်းကြောင်း ပါတီဝင် ၄,ဝဝဝ ကို အသိပေးမည်ဟု မနေ့က အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

”ရပ်လိုက်တာပေါ့နော်။ ရပ်လိုက်ရတော့မယ်လေနော်” ဟု ဦးတူးရော်က ပြောသည်။

KSPP ပါတီခေါင်းဆောင် ၁၄ ဦး တသီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်ရန် ကြိုးစားသော်လည်း ကော်မရှင်က ပိတ်ဆို့ခဲ့သည်။

ပြည်သူ့စစ် အသွင်ပြောင်းလိုက်သော ဦးလဆန်အောင်ဝါ အဖွဲ့မှ ဝိုင်းမော် မဲဆန္ဒနယ် ၂ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်မည့် ဦးဝေါ်သားကိုတော့ ခွင့်ပြုခဲ့သည်။

KSPP ခေါင်းဆောင်များနှင့် အပစ်ခတ်ရပ် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ ဆက်စပ်နေသည်ဟု စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များက စွပ်စွဲဖူးသည်။ သို့သော်လည်း KIO မှ တရားဝင် နှုတ်ထွက်ပြီးကြောင်း ကချင်ခေါင်းဆောင်များက တုံ့ပြန်ကြသည်။

စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့များက စစ်မေးနေသဖြင့် ယခုလို ပါတီ ဖျက်သိမ်းလိုက်တာ အကောင်းဆုံးဟု ကချင် အတိုင်ပင်ခံ အဖွဲ့ဝင် တဦးက ပြောသည်။

“ စစ်ထောက်လှမ်းရေးတွေက သူတို့ကို အမျိုးမျိုး မေးတယ်။  ဘယ်သူနဲ့ ဆက်သွယ်ပြီးတော့ လုပ်နေလဲ။ သူတို့ကို ဆန့်ကျင် လာမလား ဆိုပြီး စိုးရိမ်လို့ စစ်ဆေးတာတွေ လုပ်လာတယ်လေ။ ဒါကြောင့် ပါတီမဟုတ်တော့ဘူး ဆိုပြီးတရားဝင် ကြေညာမယ်။ ခုလိုဖျက်လိုက်တာ ကောင်းတယ်။ ဘာမှ လုပ်လို့မှ မရတာ”ဟု သူက မဇ္စျိမကို ပြောသည်။

KSPP ပါတီထောင်ခွင့်မရသဖြင့်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကြားကအမြတ်ထွက်သွားသည်။

“အခြေအနေအရ တချို့နေရာတွေမှာ တစညကို ထည့်မယ်ထင်တယ်”ဟု ကေအက်စ်ပီပီပါတီဝင်ဟောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်ပါတီဟု ဆိုကြသော စည်းလုံးညီညွတ်ရေးပါတီ ကချင်ပြည်နယ် (UDPKS) မှ လွှတ်တော်အမတ်လောင်း ၉ ဦး အရွေးခံကြမည်ဖြစ်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး