Monday, December 1, 2008

KIO ထိန်းချုပ်ရာ လိုင်ဇာအနီး တရုတ်-မြန်မာ နယ်ခြားတွင် အုတ်တံတိုင်းခတ်နေ


Print E-mail
မျိုးကြီး
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:24 - မြန်မာစံတော်ချိန်


ရွှေလီ။ ။ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ကချင်ပြည်နယ်မှ ကေအိုင်အို (ခေါ်) ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ တရုတ်-မြန်မာ နယ်ခြားတလျှောက်ကို လွန်ခဲ့သည့် တပတ်ကျော်ကစပြီး အုတ်တံတိုင်း ကာရံနေသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၀င်ထွက်ပေါက်တခုဖြစ်သည့် မြန်မာဘက်ခြမ်း လိုင်ဇာနှင့် တရုတ်ဘက်ခြမ်း နားဘန်တို့ကို ၇ မိုင်ခန့်အထိ ရှည်လျားမည့် အုတ်တံတိုင်းဖြင့် ကာရံထားရန် တရုတ်အာဏာပိုင်များက စတင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

“လိုင်ဇာချောင်း တလျှောက်လုံးပေါ့။ ချောင်းနဲ့ ကပ်လျက်ရှိတဲ့ တရုတ်ဘက်ခြမ်းမှာ မြေတူးစက်တွေနဲ့ တူးနေတယ်။ အနက်ကြီး တူးနေတယ်။ မြေစာပုံတွေနဲ့ ပြည့်နေတယ်။ တရုတ် အလုပ်သမားတွေလည်း အပြည့်ပဲ။ အဲဒီ တူးထားတဲ့ ဖေါင်းဒေးရှင်း (အောက်ခြေ) နေရာကို အလုပ်သမားတွေက ဂ၀ံကျောက်တုံးကြီးတွေ ချနေတယ်။ တူးနေတဲ့မြောင်းက ဘူဒိုဇာတစီး သွားစာကျယ်တယ်” ဟု လိုင်ဇာမှ မျက်မြင်ဒေသခံက မဇ္ဈိမကို ပြောသည်။

လိုင်ဇာမြို့အောက်ဘက်မှ နှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားထားသည့် လိုင်ဇာချောင်းနှင့် မုံလွဲချောင်း ဆုံသည့်နေရာမှ လိုင်ဇာမြို့အထက်ပိုင်း ၇ မိုင်ခန့် အကွာအဝေးအထိ နယ်စပ်အုပ်တံတိုင်း ခတ်မည်ဖြစ်သည်။ ချောင်းအနောက်ဘက်ကမ်းသည် မြန်မာပိုင်နက်ဖြစ်ပြီး၊ ချောင်းအရှေ့ခြမ်းသည် တရုတ်ပိုင်နက် ဖြစ်သည်။

အခြားဒေသခံတဦးက ''ကာမှာက မုံလွဲချောင်းနဲ့ လိုင်ဇာချောင်းဆုံအောက်က ဂျာဒူကောင်ရွာရှိတယ်။ အဲဒီကနေ လိုင်ဇာအထက် ၀ယ်ကြိုင်ရွာအထိလို့တော့ ခန့်မှန်းနေကြတယ်ဗျ'' ဟု ပြောသည်။ တည်ဆောက်မှု ပြီးစီးရန်မှာမူ အချိန်များစွာ ကြာမြင့်နိုင်ကြောင်း သူက ခန့်မှန်းသည်။

နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် လိုင်ဇာမြို့သို့ ၀င်ထွက်ရာ၌ အဓိက ဂိတ်ကြီးတခုသာ ထားရှိသော်လည်း ချောင်းဖြတ်ကူး၍ နယ်စပ်ဖြတ်ကျော်နိုင်သည့် ခိုးပေါက်များစွာ ရှိသည်။

အုတ်တံတိုင်းခတ်ရခြင်းမှာ နယ်မြေပိုင်နက် ပြဿနာကြောင့် မဟုတ်ဘဲ ချောင်းကူးကာ အလွယ်တကူ ၀င်ထွက်သွားလာနိုင်သဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်သယ်ယူခြင်းများကြောင့် ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ကိုအောင်ဝါက ပြောသည်။

“ခန့်မှန်းရတာတော့ နယ်စပ်တလျှောက် မူးယစ်ဆေးဝါးနဲ့ လက်နက်သယ်ယူတဲ့ ပြဿနာတွေကြောင့် ဖြစ်မယ်ထင်တယ်။ အခုဟာက တရုတ်ကာကွယ်ရေး ဒုဝန်ကြီး နေပြည်တော် သွားပြီးနောက်ပိုင်း ဒီမှာ ခြံစည်းရိုး ခတ်လာတာဆိုတော့ ဒီလိုပဲ ခန့်မှန်းကြတယ်” ဟု သူက ပြောသည်။

“နောက်ပိုင်း ခြံခတ်ပြီးရင်တော့ အ၀င်အထွက် ဂိတ်တခုပဲထားမယ်လို့ ထင်ကြတာပေါ့။ စိတ်ခံစားမှုကတော့ ဘယ်လိုပြောမလဲ၊ ချောင်းခြားထားပေမယ့် ဟိုဘက်ကမ်းမှာလည်း ကချင်လူမျိုးတွေ ရှိတယ်၊ ဒီဘက်ကမ်းမှာလည်း ကချင်လူမျိုးတွေ ရှိတယ်။ အဲဒါကို တံတိုင်းခြားလိုက်တော့ စိတ်မကောင်းစရာ ဖြစ်တာပေါ့” ဟု ကိုအောင်ဝါက ဆက်ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုသို့ သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရခဲ့ပါ၊၊
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates