Monday, December 1, 2008

သုဝဏ္ဏဘူမိ လေဆိပ်တွင် သောင်တင်နေသော မြန်မာခရီးသည်များ ထွက်ခွာနိုင်ပြီ


Print E-mail
ဇာနည်
စနေနေ့၊ နိုဝင်ဘာလ 29 2008 23:37 - မြန်မာစံတော်ချိန်


ဘန်ကောက်။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ပိတ်ဆို့မှုကြောင့် သောင်တင်နေသော မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတဆင့် သွားရောက်မည့် မြန်မာ အလုပ်သမား ၁၃၀ ကျော်တို့ ယနေ့ နေ့လည်ပိုင်းတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။

၎ ရက်တိုင် ပိတ်နေဆဲဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်မှ သောင်တင်နေသော ခရီးသည်များကို ယာယီ ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုင်းလေတပ် အခြေစိုက်ရာ ဥတာပေါင်း လေဆိပ်သို့ ကားများဖြင့် ပို့ဆောင်ခြင်း ခံရပြီးနောက် ယခုလို ပြန်လည် ထွက်ခွာနိုင်တော့မည် ဖြစ်သည်။

"ကျမတို့ကို မလေးရှား လေကြောင်းလိုင်းနဲ့ နေ့လည် ၂ နာရီခွဲသွားရမယ် ပြောပါတယ်။ အခု Boarding Pass တွေ ရထားပါပြီ။ လေယာဉ်ကို စောင့်နေကြတယ်" ဟု မလေးရှားကို သွားမည့် မြန်မာ အလုပ်သမတဦးက မဇ္ဈိမကို ပြောပြသည်။

သူတို့သည် ရန်ကုန်မှ ဘန်ကောက်သို့ MAI လေကြောင်းလိုင်းဖြင့် နိုဝင်ဘာ ၂၅ ရက် (အင်္ဂါနေ့) ညက ရောက်လာပြီး လေဆိပ် ပိတ်ဆို့မှုကြောင့် မလေးရှားနိုင်ငံသို့ ဆက်လက် မသွားနိုင်ပဲ သုဝဏ္ဏဘူမိ လေဆိပ်တွင်း သောင်တင်နေခဲ့သည်။ နိုဝင်ဘာ ၂၇ ရက် (ကြာသပတေး) မနက်တွင် ထိုင်းအာဏာပိုင်များ၏ စီစဉ်မှုဖြင့် ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅၀ (မိုင် ၉၀) ကွာဝေးသော ဥတာပေါင်း လေဆိပ်သို့ ကားများဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ရောက်ခါစက စိတ်ကိုညစ်နေတာပဲ MAI က ဘာမှ မလုပ်ပေးဘူး။ နောက်တော့ ဒီက မြန်မာသံရုံးကို ဆက်သွယ်ရတော့ သံရုံးက ဥတာပေါင်ကို သွားဖို့တွေမှာ လုပ်ပေးတယ်။ ဥတာပေါင်ကို ရောက်တော့လဲ အစားအစာ ဆေးဝါးတွေ စီစဉ်ပေးကြပါတယ်" ဟု အခြား အလုပ်သမတဦးက ပြောသည်။

အခြားနိုင်ငံများမှ ခရီးသွားများ အပါအ၀င် မြန်မာ ခရီးသည်များသည် ဥတာပေါင် လေဆိပ်ရှိ မြက်ခင်းပြင်တွင် မိမိတို့ စီးနင်းရမည့် လေယာဉ်ကို စောင့်ဆိုင်းနေကြပြီး လေကြောင်းလိုင်း ကောင်တာများ အနေဖြင့်လည်း မြက်ခင်းပေါ်တွင်သာ စားပွဲတလုံး ထိုင်ခုံ တလုံးဖြင့် ဖွင့်လှစ်ကြရသည်ဟု သိရသည်။

ချိုင်းနားအဲလိုင်း အပါအ၀င် ထိုင်းနိုင်ငံမှ ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှာလည်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြသော်လည်း လေယာဉ် တစီးနှင့် တစီး ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း ခရီးသည်များကို ပြောပြသည်။

စနေနေ့ စောစောပိုင်းက ရန်ကုန်မှ ပျံသန်းလာသော MAI လေကြောင်းလိုင်းသည် ဥတာပေါင်း လေဆိပ်သို့ မနက် ၉ နာရီတွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသို့ မနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ပျံသန်းမည့် ခရီးစဉ်မှာ ယခု သတင်းရရှိချိန်အထိ မထွက်နိုင်သေးပဲ ကြန့်ကြာနေကြောင်း သိရသည်။

အဆိုပါ MAI လေယာဉ်ဖြင့် လိုက်ပါလာသော မြန်မာ ကျောင်းသားတဦးက "ကျနော်၂၆ ရက်နေ့ကတည်းက လာရမှာ။ ခရီးစဉ် ဖျက်တယ်ဆိုတော့ ဒီနေ့မှ လာဖြစ်တယ်။ ဒါတောင် တခြား ခရီးသည်တွေ ကျန်နေသေးတယ်။ သူတို့က ဟာ့ဂ်ျ သွားမယ့်သူတွေနဲ့ မဖြစ်မနေ သွားရမယ့်သူတွေကို ဦးစားပေး ခေါ်လာပါတယ်။ တခြားလိုင်းတွေကတော့ ပြန်ပြေးမယ် မပြေးဘူးဆိုတာ ဘာမှ မသိရဖြစ်နေတယ်လေ" ဟု မဇ္ဈိမကို ပြောပြသည်။

ရန်ကုန်လေဆိပ်တွင်လည်း နိုင်ငံခြားသားများ အပါအ၀င် စောင့်ဆိုင်းနေသူခရီးသည် အများအပြား ရှိနေကြောင်း သူက ပြောပြသည်။

MAI လေကြောင်းလိုင်းသည် ရန်ကုန်မှ မက္ကာသို့ ဟာ့ဂ်ျသွားမည့် မွတ်စလင်လူမျိုး ခရီးသည်များကို အဓိက တင်ဆောင်ပေးမည်ဖြစ်ပြီး ဘန်ကောက်မှ အပြန်တွင်မူ ရန်ကုန်သို့ သွားမည့် ခရီးသည် အချို့ကို ပြန်လည် ခေါ်ဆောင်သွားမည် ဖြစ်သည်။ ရန်ကုန်မှ ဘန်ကောက်သို့ လာမည့် ခရီးသည်များကို တင်ဆောင်မည် မတင်ဆောင်မည်ကို သေချာ မပြောနိုင်သေးဟု ၀န်ထမ်းများက ပြောကြောင်း ခရီးသည်များမှ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates