Saturday, November 29, 2008

မြန်မာ့ငါးတင်ပို့မှု ထက်ဝက်ခန့် ကျဆင်းသွား

သဲသဲ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 12:36 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ ငါးများကို ဘင်္ဂလားဒေရှ့် နိုင်ငံက ၀ယ်ယူမှု ထက်ဝက်ခန့် ကျဆင်း သွားပြီး တင်ပို့ရသည့် ဈေနှုန်းမှာလည်း ယခင်ထက် ၁၀ ရာခိုင်နှုန်းနီးပါး လျှော့ကျသွားသဖြင့် ပြည်ပသို့ ငါးတင်ပို့ နေသည့် လုပ်ငန်းရှင်များ ထိခိုက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း (ပို့ကုန်) ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ကမ္ဘာ့ ငွေကြေး ပြဿနာများ ရိုက်ခတ်လာမှုနှင့် ဈေးကွက် ယှဉ်ပြိုင်မှုများ ရှိလာသည့်အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံမှ ၀ယ်လိုအားများ ယခုလဆန်းပိုင်းမှစ၍ လျော့ကျသွားရခြင်း ဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူမှ ပြောသည်။

"ကျနော်တို့ရဲ့ အ၀ယ်သမားတွေက ဘဏ်တွေကို အားကိုးပြီး လုပ်နေကြတာလေ၊ အခု ငွေမချေးနိုင်တော့ အော်ဒါတွေ မမှာတော့ ဘူးလေ၊ အရောင်းအ၀ယ်တွေက ကျသွားတာပေါ့" ဟု သူက ပြောသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယခင်က နေ့စဉ် ငါးတန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ရသော်လည်း ယခုအခါ တန်ချိန် ၂၀ ကျော်မျှသာ မှာယူတော့ကြောင်း၊ အိန္ဒိယနိုင်ငံမှလည်း အရည်အသွေးတူ ငါးမျိုးများကို ဘင်္ဂလားဒေရှ့်သို့ တင်ပို့နေကြောင်း အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ် က ဆက်လက် ပြောဆိုသည်။

ဘင်္ဂလားဒေရှ့်သည် မြန်မာနိုင်ငံမှ ထွက်သော ငါးမြစ်ချင်းနှင့် ငါးကြင်းခေါင်းပွ ငါးမျိုးများကို အဓိကထား ၀ယ်ယူပြီး၊ ယနေ့ပေါက်ဈေးမှာ အရွယ် အစားအလိုက် တပိဿာလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ ဖြစ်သည်။

မြန်မာနိုင်ငံမှ ငါးအများဆုံးဝယ်ယူသော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့မှုများမှာ လည်း ၂၅ ရာခိုင်နှုန်းခန့် လျော့ကျနေပြီး ဈေးကောင်းမရသဖြင့် တွက်ချေမကိုက်ဖြစ်နေကြောင်း ပြည်ပနိုင်ငံများသို့ ငါးတင်ပို့နေသည့် ငွေပင်လယ် ငါးရောင်းဝယ်ရေးဇုန်မှ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ ထွက်သော ရေချိုငါးများကို ကူဝိတ် အပါအ၀င် အာရပ် နိုင်ငံများနှင့် ဘင်္ဂလားဒေရှ် နိုင်ငံသို့ အဓိက တင်ပို့လျှက်ရှိပြီး အရည်အသွေး မပြည့်သည့် ငါးများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချကြောင်း အဆိုပါ လုပ်ငန်းရှင်က ဆက်လက် ပြောဆိုသည်။

၂၀၀၆-၂၀၀၇ ခုနှစ် အတွင်း ဘင်္ဂလားဒေရှ့် နိုင်ငံသို့ တင်ပို့သော ငါးတန်ချိန် ၁၆၀၀၀ ကျော်ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂.၂ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates