Saturday, November 29, 2008

ရှေ့နေ ၂ ဦးကို ထောင်ချမှုသည် 'အရမ်းကာရော' လုပ်ခြင်းဟု လူ့အခွင့်အရေးအဖွဲ့ ပြော

ဆလိုင်းပီပီ
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 20:51 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သော မြန်မာရှေ့နေ ၂ ဦးအား စစ်အစိုးရက အရမ်းကာရော ထောင်ဒဏ်ချခြင်းကို ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တခုက ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ချက်ချင်း လွှတ်ပေးရန်လည်း တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။

ပြီးခဲ့သောနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီး ရုံးတင်ခံရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမှုသည်များကိုယ်စား တရားရုံးတွင် လိုက်ပါဆောင်ရွက်သောကြောင့် ထောင်ဒဏ်ချခံရသော တရားရုံးချုပ် ရှေ့နေများ ဖြစ်ကြသည့် ဦးခင်မောင်ရှိန်နှင့် ဦးအောင်သိန်းတို့ကို လွှတ်ပေးရန် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အတိုင်ပင်ခံ အစည်းအဝေးအတွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

"တရားရုံးချုပ်ရှေ့နေ ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးခြင်းသည် အရမ်းကာရော ထင်ရာမြင်ရာ လုပ်ရပ်ဖြစ်သည်ဟု ယူဆရမည်။ ယခုအစည်းအဝေး တက်ရောက်နေသော ဂျူရီလူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များက ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုအပ်ပါသည်" ဟု ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် AHRC က ပြောသည်။

တရားစီရင်ရေးကို မယုံကြည်သဖြင့် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်တော့ကြောင်း အမှုသည်များ၏ တင်ပြချက်ကို အမှုသည်များကိုယ်စား လျှောက်ထားတင်ပြခဲ့ပြီးနောက် တရားရုံးချုပ်ရှေ့နေ သူတို့ကို ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးက အောက်တိုဘာလ ၆ ရက်နေ့တွင် တရားရုံးကို မထေမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၄ လစီ အပြစ်ပေးခဲ့သည်။

သူတို့သည် မြန်မာနိုင်ငံမှ လုပ်သက်နှင့် အတွေ့အကြုံ နှစ်ပေါင်း ၂ဝ ကျော်ရှိသော ရှေ့နေကြီးများဖြစ်ကြပြီး၊ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများနှင့် စပ်လျဉ်း၍ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရသော အမှုများတွင် တရားခံများဘက်မှ အကျိုးဆောင်ပေးသူများ ဖြစ်သည်။ ဤအမှုသည်များထဲတွင် အမှု ၅ မှုခွဲ၍ တရားစွဲဆိုခံရသော ကိုထွန်းထွန်းဦး၊ ကိုမောင်မောင်လတ်၊ ကိုအောင်ကျော်မိုးနှင့် မထားထားသက်တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် စစ်အစိုးရ၏ ခြယ်လှယ်ခြင်းကို ခံနေရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်နေသည်။ သာမန်ရာဇဝတ်မှုများမှာမူ လာဘ်ထိုးရုံဖြင့် အလွယ်တကူ လွတ်မြောက်နိုင်သည်ဟု AHRC ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းလွင်က ပြောသည်။

"အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တရားစီရင်ရေးစနစ်က ရာဇဝတ်မှုတွေဆိုရင် ငွေနဲ့ လိုက်လို့ရတယ်။ နိုင်ငံရေးမှုတွေကျတော့ ဘာမှညှာတာတာ မရှိဘူး။ ပြစ်ဒဏ်အကြီးကြီးတွေ ပေးလိုက်တာပဲ" ဟု AHRC အတိုင်ပင်ခံ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့သူ ဦးမင်းလွင်က ပြောသည်။

ဤသို့ ထောင်ဒဏ်ချမှတ်ခြင်းခံရသော မြန်မာရှေ့နေများကို လွှတ်ပေးရန် တောင်းဆိုပြီး၊ မြန်မာစစ်အစိုးရကို ဝေဖန်ခဲ့သည့် AHRC ၏ အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဟောင်ကောင်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထို ၄ ကြိမ်မြောက် ဥပဒေစိုးမိုးရေးဆိုင်ရာ အာရှပဋိညာဉ်စာချုပ် ဒေသဆိုင်ရာ အတိုင်ပင်ခံ အစည်းအဝေးသို့ ဂျူရီလူကြီးများ၊ ရှေ့နေများနှင့် ဥပဒေပညာရှင်များ စုဝေး တက်ရောက်ခဲ့ကြသည်။

"ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အမှုတွေ စစ်ဆေးရာမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဋ္ဌာန်းချက်တွေကို လုံးဝ ဘေးချိတ်ပြီး တရားခံတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို မပေးဘဲ ထားခဲ့တာတွေကို ကြားသိခဲ့ရပါတယ်။ တရားရုံးတွေရဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာလည်း နိုင်ငံရေး အကျိုးစီးပွားအပေါ် အခြေခံပြီး၊ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း မညီကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်" ဟု AHRC က ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် ဆန္ဒပြခဲ့သူများကို ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် မြန်မာစစ်အစိုးရသည် အတိုက်အခံ လှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ပြုလုပ်ခဲ့သည်။ ဤထိန်းသိမ်းခံ လှုပ်ရှားတက်ကြွသူများကို ဇူလိုင်လကတည်းက စတင်၍ ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၆၈ နှစ်အထိရှိသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။

ကိုမင်းကိုနိုင် ခေါင်းဆောင်သည့် “၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့” ဆိုလျှင် ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရပြီး၊ ထင်ရှားသော သံဃာတော် ဦးဂမ္ဘီရမှာ ထောင်ဒဏ် ၆၈ နှစ်အထိ ချမှတ်ခံခဲ့ရသည်။ ဦးဂမ္ဘီရသည် ၂ဝဝ၇ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် သံဃာတော်တပါး ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ စာရင်းအရ လွန်ခဲ့သော ၂ လအတွင်း သံဃာတော်များ၊ ကျောင်းသားများ၊ ရှေ့နေများ၊ ဘလော့ဂါများ၊ ကဗျာဆရာများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ လူရွှင်တော်တဦးနှင့် သတင်းစာဆရာများ၊ မြန်မာနိုင်ငံ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ အပါအဝင် အတိုက်အခံပေါင်း ၁၈၉ ဦးကို သူတို့၏ အမြင်များကို ငြိမ်းချမ်းစွာ ထုတ်ဖော် ပြောဆိုခဲ့သည့်အတွက် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ဤသို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့်အပြင် အစိုးရသည် အနည်းဆုံး တက်ကြွလှုပ်ရှားသူ ၆ဝ ကို အင်းစိန်ထောင်မှ မြန်မာနိုင်ငံ အနှံ့ဝေးလံလှသည့် ထောင်များ၊ ညှဉ်းပန်းနှိပ်စက်ရေး စခန်းများသို့ ပြောင်းရွှေ့ ပို့ဆောင်ခဲ့သည်။ ဤလုပ်ရပ်သည် ယင်းတို့ကို မိသားစုဝင်များနှင့် ဝေးကွာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။

အကျဉ်းကျခံ တရားရုံးချုပ်ရှေ့နေ ၂ ဦးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သလို မြန်မာစစ်အစိုးရ၏ လုပ်ရပ်များအတွက် ဝမ်းနည်းကြောင်းနှင့် မြန်မာနိုင်ငံတွင် လွတ်လပ်၍ ပွင့်လင်းမှုရှိသည့် တရားရုံးများ ပေါ်ပေါက်လာစေရန်လည်း စစ်အစိုးရကို ဆက်လက် ဖိအားပေးသွားမည်ဟု AHRC က ပြောသည်။

"AHRC တွင် ပါဝင်ကြသော ဂျူရီလူကြီးများ၊ ရှေ့နေများနှင့် ဥပဒေပညာရှင်များသည် မိမိတို့သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများကို မြန်မာစစ်အစိုးရအား ဖိအားပေးစေရန် ဆောင်ရွက်ပါမည်ဟု ကတိပြုပါသည်။ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများကို တောက်လျှောက် ကျူးလွန်နေခြင်းနှင့် ဥပဒေနှင့်အညီ မဟုတ်ဘဲ စစ်ဆေးစီရင် ဆောင်ရွက်နေခြင်းများအား ဆက်လက် မလုပ်ဆောင်ဘဲ ချုပ်တည်းထားပါရန် မြန်မာစစ်အစိုးရအား တွန်းအားပေးကြမည် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates